28.12.15

သူပုန်ခေါင်းဆောင် သေဆုံးပြီးနောက် ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ရန် ကုလသမဂ္ဂက ရက်သတ်မှတ်


ဆီးရီးယား အစိုးရနှင့် အတိုက်အခံတို့ ဇန်န၀ါရီ ၂၅ ရက်တွင် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ကြောင်း ကုလသမဂ္ဂက ဒီဇင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုဆွေးနွေးပွဲကို ထောက်ခံသော သြဇာကြီး ဆီးရီးယား သူပုန်ခေါင်းဆောင် တစ်ဦး အသတ်ခံရပြီး တစ်ရက်အကြာတွင် ယခုကဲ့သို့ ရက်သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ဒမတ်စကက် တောင်ပိုင်းမှ ဂျီဟတ်နှင့် အရပ်သား ထောင်ပေါင်းများစွာကို ရွှေ့ပြောင်းပေးရန် အစီအစဉ်မှာ အတိုက်အခံခေါင်းဆောင် ဇာရန်အလူလာ သေဆုံးမှုကြောင့် လမ်းလွဲသွားနိုင်သည့် အခြေအနေတွင် ရှိနေသည်။ အသက် ၄၄ နှစ်အရွယ် အယ်လူအာသည် ဂျာအစ်အယ် အစ္စလာမ် လှုပ်ရှားမှု အဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး ဒမတ်စကက် အရှေ့ပိုင်း ဂိုအူတာ သူပုန်နယ်မြေတွင် သြဇာအကြီးဆုံး ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ၎င်းတို့၏ အဖွဲ့သည် လက်ရှိ အချိန်အထိ ဆီးရီးယား သမ္မတ ဘာရှားအယ်အာဆတ်နှင့် IS ဂျီဟတ်တို့ကို ခိုင်ခိုင်မာမာ ဆန့်ကျင်နေကြဆဲ ဖြစ်သည်။

ဂျာအစ်အယ် အစ္စလာမ္မစ် အဖွဲ့မှ အကြီးတန်း အဖွဲ့ဝင်တစ်ဦးက အယ်လူအာသည် အခြားအဖွဲ့၏ အကြီးအကဲများနှင့် လျှို့ဝှက်အစည်းအဝေးပွဲ ပြုလုပ်စဉ် လေကြောင်းမှ ပစ်မှတ်ထား၍ တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုခဲ့သည်။ ဆီးရီးယား အစိုးရကလည်း ထိုတိုက်ခိုက်မှုကို ၎င်းတို့လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ၀န်ခံခဲ့သည်။ အယ်လူအာ အသတ်ခံရမှုသည် ငါးနှစ်နီးပါးကြာ ဆီးရီးယား ပြည်တွင်းစစ်ကို အဆုံးသတ်ရန် ယိုင်နဲ့နဲ့ ဖြစ်နေသော ငြိမ်းချမ်းရေး အစီအစဉ်ကို ပိုမိုရှုပ်ထွေးသွားစေသည်။

အမေရိကန် အထူးသံတမန် စတက်ဖင်ဒီမစ်စတူရာကမူ ဇန်န၀ါရီ ၂၅ ရက်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင်ရန် ပိုမို အားထုတ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုဆွေးနွေးပွဲတွင် အတိုက်အခံ ကိုယ်စားလှယ်များအားလုံး ပါဝင်နိုင်ရန် မျှော်လင့်သည်ဟု ဆိုခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ အတည်ပြုလိုက်သော ဆီးရီးယား ငြိမ်းချမ်းရေး ရရှိရန် ၁၈ လ အစီအစဉ်တွင် ဆွေးနွေးပွဲ ကျင်းပခြင်းသည် ပထမအဆင့် ဖြစ်သည်။ သို့သော် လေ့လာသုံးသပ်သူများက အယ်လိုအာ သေဆုံးမှုကြောင့် ယခင်ကတည်းက ယိုင်နဲ့နေသည့် စေ့စပ်ညှိနှိုင်းရေး အစီအစဉ် ပျက်စီးသွားမည်ကို စိုးရိမ်နေကြသည်။

ဆော်ဒီ၏ ထောက်ပံ့မှုကို ရရှိထားသော ဂျာအစ်အယ် အစ္စလာမ် အုပ်စုသည် ယခုလ အစောပိုင်းက ရီယက်တွင် ကျင်းပခဲ့သော ဆီးရီးယား အတိုက်အခံများ ဆွေးနွေးပွဲတွင် သြဇာအကြီးဆုံး လက်နက်ကိုင် အဖွဲ့များထဲမှ တစ်ခုဖြစ်သည်။ ထိုဆွေးနွေးပွဲ၏ အဆုံးသတ်တွင် ဆီးရီးယား အတိုက်အခံများသည် သမ္မတ အာဆတ်နှင့် ဆွေးနွေးရန် သဘောတူခဲ့ကြသည်။

“အယ်လိုလာဟာ ဆီးရီးယားသူပုန် လှုပ်ရှားမှုထဲမှာ ရှားပါးပြီး အောင်မြင်တဲ့ ဗဟိုဝါဒီတစ်ဦး ဖြစ်ပါတယ်” ဟု ဆီးရီးယား ပဋိပက္ခဆိုင်ရာ ၀က်ဘ်ဆိုက် Carnegie Endowment မှ အယ်ဒီတာဖြစ်သူ အယ်ရွန်လန်က ပြောကြားခဲ့သည်။ အယ်လိုလာ၏ သေဆုံးမှုကြောင့် အတိုက်အခံ စည်းလုံးမှုကိုလည်း ပြိုကွဲသွားစေနိုင်သည်ဟု ဆိုခဲ့သည်။

အယ်လူလာ သေဆုံးပြီးနောက် အသက် ၄၀ အရွယ် စီပွားရေးသမားနှင့် တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်သည့် အဘူဟမ်မန်အယ်ဘူဝေဒါနီက ခေါင်းဆောင်သစ်အဖြစ် တင်မြှောက်လိုက်သည်။ ဘူဝေဒါနီသည် သူ၏ ပထမဆုံး ဗီဒီယိုမိန့်ခွန်းထဲတွင် သူတို့အုပ်စု ကြုံတွေ့ခဲ့ရသည့် အခက်အခဲများက သူတို့ကို ပိုမိုကြမ်းကြုတ်သွားစေလိမ့်မည်ဟု တည်ငြိမ်စွာ ပြောကြားသွားခဲ့သည်။ ထို့အပြင် ဆီးရီးယား အစိုးရကို တိုက်ခိုက်ရေးအတွက် သူပုန်များကို စည်းလုံးကြရန်နှင့် သူ၏အဖွဲ့ကိုလည်း သဘောထား အလယ်အလတ် လမ်းစဉ်ဖြင့်သာ ဆက်လက် ချဉ်းကပ်ရန် တိုက်တွန်းခဲ့သည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment