28.3.16

ဦးနှောက် အမြှေးရောင်ရောဂါ ဖြစ်ပွားမှု အချို့မှတစ်ဆင့် ရောဂါအစုလိုက် ကပ်အသွင် ဖြစ်ပွားနိုင်ခြေရှိခြင်းကြောင့် ကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်များကို လိုက်နာရန် အသိပေး


နေရာဒေသအချို့တွင် ဖြစ်ပွားနေသည့် ကူးစက်မြန် ပြင်းထန်ဦးနှောက် အမြှေးရောင်ရောဂါ ဖြစ်ပွားမှုမှတစ်ဆင့် ရောဂါအစုလိုက် ကပ်အသွင် ဖြစ်ပွားနိုင်ခြေရှိလာနိုင်ခြင်းကြောင့် ကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်များကို လိုက်နာရန် ကျန်းမာရေး ၀န်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ အသိပေးထားကြောင်း သိရသည်။
ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင် ရောဂါကို မြန်မာနိုင်ငံ၌ ၁၉၉၂ ခုနှစ်တွင် မန္တလေး၊ ပျော်ဘွယ်၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီး စသည့်ဒေသများတွင် စတင်ဖြစ်ပွားခဲ့ပြီး စတင်ဖြစ်ပွားသည့် အချိန်က အစုလိုက် ကပ်အသွင်ဖြစ်ပွားခြင်းမျိုး မဟုတ်ဘဲ ယခုဖြစ်ပွားသကဲ့သို့ တစ်ဦးစ နှစ်ဦးစ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ဖြစ်ပွားမှုသည် အစုလိုက် ကပ်အသွင်ဖြစ်ပွားနိုင်မှုကို သတိပေးနေခြင်းဖြစ်သည့် အတွက် ပြည်သူလူထု အနေဖြင့် သတိပြုသင့်ကြောင်းနှင့် ရောဂါကြိုတင် ကာကွယ်ရေး နှိုးဆော်ချက်များကိုလည်း လိုက်နာလုပ်ဆောင်ကြရန် လိုအပ်ကြောင်း သိရသည်။

အဆိုပါရောဂါသည် မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်း ဒေသကြီးများတွင် အမြစ်တွယ် ဖြစ်ပွားလျက်ရှိပြီး ရှမ်း၊ ကယား၊ ရခိုင်ပြည်နယ်များတွင် ကူးစက်ပျံ့နှံ့လျက်ရှိရာ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးများတွင် ကွက်ကြားဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

မတ်လ ပထမပတ်က မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ရှိ ကျေးရွာများတွင် ရောဂါဖြစ်ပွားမှုသည် ပွဲလမ်းသဘင် လူစုလူဝေးမှတစ်ဆင့် စတင်ကူးစက်ခြင်းဖြစ်ပြီး ကျေးရွာခုနစ်ရွာမှ ကလေးငယ် ၁၅ ဦး ကူးစက်ဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ ယင်းတို့အနက် ကလေးငယ်နှစ်ဦး၊ သုံးဦးသာ ဖြစ်ပွားခြင်းဖြစ်ပြီး ကူးစက်မြန် ကပ်အသွင်ဖြစ်ပွားမှု မဟုတ်ဘဲ ကွက်ကြားဖြစ်ပွားခြင်းသာဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ကမ္ဘာ့နိုင်ငံများအနက် ဦးနှောက်အမြှေးရောင် ရောဂါဖြစ်ပွားမှုများမှာ အာဖရိကတိုက်၊ ဆာဟာရ သဲကန္တာရအောက်ပိုင်း ဒေသများရှိ နိုင်ငံ၂၆ နိုင်ငံ၊ ဆီနီဂေါနိုင်ငံမှ အီသီယိုးပီးယားနိုင်ငံအထိ ဆက်စပ်ဒေသများတွင် ဖြစ်ပွားလေ့ရှိပြီး ယင်းဒေသများတွင် အစုလိုက် ကပ်အသွင် ဖြစ်ပွားမှုများလည်း ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ သိရသည်။ ဦးနှောက်အမြှေးရောင် ရောဂါမှာ ကူးစက်လွယ်သည့် ရောဂါဖြစ်ပြီး ရောဂါပိုးမျိုးကွဲ A၊ B၊ C၊ W နှင့် Y တို့ရှိရာ ရောဂါရှိသူနှင့် အတူနေခြင်း၊ ဖက်နမ်းခြင်း၊ တံတွေးနှင့် သွားရည်တို့မှတစ်ဆင့် ကူးစက်နိုင်ကြောင်း သိရသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment