28.3.16

ရခိုင်အမျိုးသားပါတီဝင်များ ၀န်ကြီးရာထူး လက်ခံပါက ပါတီမှ ထုတ်ပယ်ခံရနိုင်

ဝန်ကြီးရာထူးလက်ခံသည့် ရခိုင်အမျိုးသားပါတီ(ANP) ၀င်များရှိလျှင် ပါတီခေါင်းဆောင်များစည်းဝေးပြီး လိုအပ်ပါက ပါတီမှ ထုတ်ပယ်မည်ဖြစ်ကြောင်း ယင်းပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန် ကြီးရာထူးများကမ်းလှမ်းမှုရှိပါက ANP အနေဖြင့် လက်မခံနိုင် ကြောင်း ဒေါက်တာအေးမောင်က ပြောသည်။

‘‘လက်ခံတဲ့သူရှိရင်လည်း CECအစည်းအဝေးထိုင်ပြီး လို အပ်ရင် ထုတ်ပယ်မယ်’’ ဟု ဆို သည်။
ဒေသတွင်းရာခိုင်နှုန်းအများ ဆုံးအနိုင်ရရှိထားသည့် ANP သည် ပြည်နယ်အစိုးရအဖွဲ့ကို ဦး ဆောင်ဖွဲ့စည်းခွင့်မရပါက  မည်သည့်အစိုးရအဖွဲ့အစည်း တွင်မှ ပါဝင်မည်မဟုတ်ဘဲ အ တိုက်အခံပါတီအဖြစ်ရပ်တည် သွားမည်ဖြစ်ကြောင်းကြေညာ ထားသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကမူ တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးတွင် ၀န်ကြီး ချုပ်များအဖြစ် ဒီချုပ်ကိုယ်စား လှယ်များသာ ခန့်အပ်သွားမည်ဟု ထုတ်ဖော် ပြောကြားထား သည်။
ထို့အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒီချုပ်ကိုယ်စားလှယ်ဦးညီပုကို ခန့်အပ်မည်ဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့တွင် ANPမှ ပုဂ္ဂိုလ်များနှင့်တတ်သိပညာရှင်များပါဝင်မည်ဖြစ်ကြောင်း ဒီချုပ်ဗဟိုအလုပ်အမှုဆောင်ဦးဝင်းထိန်က မီဒီယာများအား ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ANPပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များသည် မတ်လ ၂၄ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး လာမည့်တစ်ပတ်အတွင်း ထပ်မံဆွေးနွေးကြရန်လည်း စီစဉ်ထားသည်။
ပြည်နယ် ၀န်ကြီးချုပ်ကို ANPမှ ထမ်းဆောင်ခွင့်မရသော် လည်း အစိုးရအဖွဲ့ဝင်ပြည်နယ် ၀န်ကြီးရာထူးအတွက် ကမ်းလှမ်း လာပါက မည်သို့ဆောင်ရွက်ရန် မူဝါဒချမှတ်ထားကြောင်း 7Day က မေးမြန်းရာ ဒေါက်တာအေး မောင်က အထက်ပါအတိုင်းထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဒီချုပ်နှင့် ထပ်မံတွေ့ဆုံရာ တွင်လည်း ပါတီမူဝါဒပြောင်းလဲသွားမည်မဟုတ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
‘‘တွေ့ဆုံ ဆွေးနွေးတာကို လိုလားပါတယ်။ ဒါပေမဲ့ အလျှော့ အတင်းမလုပ်နိုင်ရင် တွေ့ဆုံခြင်း က ဘာမှမထူးဘူး။ ခံယူချက်ကို လိုအပ်ရင်ပြောင်းလဲနိုင်ရမယ်။ ANPဘက်ကလည်း ပြောင်းလဲနိုင် ရမယ်။ NLDဘက်ကရောပြောင်း လဲနိုင်ရမယ်’’ဟု ဒေါက်တာအေး မောင်ကဆိုသည်။
ANP ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက မတ်လ ၂၄ ရက်က ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံပွဲအပြီး တွင် ပြည်နယ်အစိုးရဖွဲ့စည်းရန် ပါတီနှစ်ခုကြားထိပ်တိုက်တွေ့ဆုံမှုများမရှိဘဲ ပြည်နယ်အစိုးရဖွဲ့စည်းရေး ကိစ္စရပ်များကို ပြည်ထောင်စုအစိုးရဖွဲ့စည်းပြီးချိန်၌ နှစ်ဖက်တွေ့ဆုံမှုများဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဒီချုပ်ဗဟိုအလုပ်အမှုဆောင်ဦးဝင်းထိန်ကလည်း ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသည့် ပြဿနာများ အားလုံးကို နှစ်ဖက် ညှိနှိုင်းအဖြေရှာကြရန် သဘောတူခဲ့ကြောင်း မတ်လ ၂၄ ရက်က သတင်းထောက်များ အားပြောသည်။
ဒေါက်တာ အေးမောင်က ‘‘ပါတီသဘောထားကြေညာချက် ၁/၂၀၁၆အရ မည်သည့်အစိုးရအဖွဲ့တွင်မှ မပါဘူးလို့ သတ်မှတ် ထားတယ်။ ပါမယ်ဆိုရင်အရေး ယူရမှာပေါ့’’ဟု ထပ်လောင်းပြော ကြားသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment