28.3.16

နိုင်ငံတကာ စံချိန်စံညွှန်မီ နှလုံးနှင့် သွေးကြောပိုက်သွင်း စမ်းသပ်၊ ကုသ စက်နှင့် မွေးကင်းစကလေး အထူးကြပ်မတ် ကုသဆောင်ဖွင့်


နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ နှလုံးနှင့်သွေးကြောပိုက်သွင်းစမ်းသပ်၊ ကုသစက်နှင့် မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်တို့ကို ယနေ့ နံနက် ၈ နာရီက ခုတင် ၅၅၀ ဆံ့ ရန်ကုန်မြို့ကလေးဆေးရုံကြီး (ရန်ကင်း)၌ ဖွင့်လှစ်ခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံတော် ဘဏ္ဍာငွေဖြင့် ရန်ကင်းကလေး ဆေးရုံကြီးတွင် Infection Control အတွက် အဆင့်အတန်းမြင့် သည့် ခေတ်မီစက်ကိရိယာများ တပ်ဆင်ထားသော (Neonata lICU) တစ်ခုကို တည်ဆောက်ပေးခဲ့ကာ မွေးကင်းစကလေး လူနာများကို ခေတ်မီနည်းစနစ်၊ ကိရိယာများဖြင့် ကုသမှုပေးနိုင်အောင်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ထို့အပြင် နှလုံးနှင့် သွေးကြောပိုက်သွင်း စမ်းသပ်၊ ကုသစက်ကို အသုံးပြု ၍နှလုံးရောဂါဝေဒနာရှင် ကလေး ငယ်များကို သွေးကြောမှ တစ်ဆင့် နှလုံး ထိရောက်အောင် Catheter ထည့်ပြီး နှလုံး၏ ကျဉ်းနေသော အပေါက်များ ကို ဘောလုံးထည့်၍ ချဲ့ပေးခြင်း၊ Septal Defect များကို ဖာထေးပေးခြင်း တို့ကို ဆောင်ရွက်ကုသပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။
ဒေါက်တာ ခင်မောင်ဦး
ကလေးနှလုံးရောဂါအထူးကုဆရာဝန်ကြီး
ရန်ကင်းကလေးဆေးရုံကြီး
“ကလေးနှလုံးရောဂါလို့ဆိုရာမှာ အများအားဖြင့် မွေးရာပါနှလုံးရောဂါတွေ၊ နှလုံး အခန်း ချို့ယွင်းနေတာ၊ နှလုံးမှာသွေးကြော အပိုဖြစ်နေတာ၊ အဆို့ရှင်မကောင်း တာ အစရှိတဲ့ Septal Defect တွေကို ဆေးပေးပြီး တော့ ပျောက်ကင်းအောင် ကုသပေးလို့မရပါဘူး။ Septal Defect ပြင်ပြီး ကုမှသာ ရေရှည်မှာ ကလေးတွေ အတွက် ရောဂါကင်းပြီး အသက်အန္တရာယ်ကင်းမှာ ဖြစ်ပါတယ်။ အရင်တုန်း ကတော့ နှလုံးကို ခွဲစိတ်ပြီး ကုသခဲ့ရတယ်။ နှလုံးမှာ အပေါက်ဖြစ်နေတယ်ဆိုရင် ဖာရတယ်။
ဒါပေမယ့် မွေးရာပါ နှလုံးရောဂါလူနာတွေက ခွဲပေးနိုင်တာထက် လူနာဦးရေ ပိုမိုများပြားပြီး ဒီဆေးရုံမှာ တန်းစီဇယားနဲ့ စောင့်ရတာကြောင့် လူနာတွေ ဘက်က အဆင်မပြေတာတွေ ဖြစ်လာတယ်။ သွေးကြော အပို ဖြစ်နေတယ် ဆိုလည်း သွေးကြောကို ဖြစ်ရတယ်။ အခုဆိုရင် နိုင်ငံတကာမှ မခွဲစိတ်တော့ ဘူး။ အခုနှလုံးပိုက်သွင်း စမ်းသပ်စက်နဲ့ ပေါင်ကနေ သွေးလွှတ်သွေးပြန်ကြော က တစ်ဆင့် ပိုက်ထည့်ပြီး နှလုံးနဲ့အဆုတ်ထဲမှာရှိတဲ့ သွေးဖိအားကို တိုင်းပြီးခွဲဖို့ လိုမလို အဖြေထုတ်ပေးနိုင်ပြီ။ အရင်ကဆိုရင် တစ်ခါတစ်ရံ ကုသမှုနှောင့်နှေး တာကြောင့် အသက်အန္တရာယ် ဖြစ်လာတယ်။ မွေးရာပါ နှလုံးရောဂါဝေဒနာ ရှင်တွေက နောက်ကျမှ ဆေးရုံရောက်လာတာကြောင့် စမ်းသပ် ရခက်ခဲပြီး နှလုံး ခွဲစိတ်ဆရာဝန်တွေက မခွဲစိတ်နိုင်တော့ဘဲ ဒီအတိုင်းထားလိုက်ရတဲ့ အဖြစ် အပျက်မျိုးတွေ ရှိခဲ့တာကြောင့် အခုလိုနိုင်ငံတကာအဆင့်မီ ထိရောက်စွာ ကုသမှုပေးနိုင်အောင် နိုင်ငံတော်နဲ့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ကူညီပေး မှုကြောင့် ၂၀၁၅ ခုနှစ် မေလမှာ နှလုံးပိုက်ရဲ့ ကူညီပေးမှုကြောင့် ၂၀၁၅ ခုနှစ် မေလမှာ နှလုံးပိုက်သွင်း စမ်းသပ်၊ ကုသစက်ကို စတင်တပ်ဆင်ခဲ့ပြီး သြဂုတ် ၂၄ ရက်မှာ စတင်အသုံးပြုရာမှ ၂၀၁၆ ခုနှစ် မတ်လအထိ လူနာဦးရေ ၁၅၈ ဦးကို ကုသပေးနိုင်ခဲ့တယ်။ ဒါကြောင့် မိဘတွေကို အသိပေးလိုတာ ကမွေးရာပါ ကလေးနှလုံး ရောဂါဝေဒနာရှင်တွေကို ကုသတဲ့အခါ ဒီဆေးရုံက တတ်စွမ်းသရွေ့ နိုင်ငံတကာအဆင့်မီ ဆောင်ရွက်ပေးနေပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ပိုမိုတိုးမြှင့်သွားဖို့အတွက် အစီအစဉ်တွေ ရှိပါတယ်” ဟု ဆိုသည်။
ပါမောက္ခ ဒေါက်တာ ဖြူဖြူဦး၊ 
တာဝန်ခံဆရာဝန်ကြီး မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်
ရန်ကင်းကလေးဆေးရုံကြီး “မွေးကင်းစကလေးဆောင်ဆိုတာ နဂိုကတည်းက ရှိပြီးသားပါ။ အခုကမွေးကင်းစ ကလေး အထူးကြပ်မတ် ကုသဆောင် ဆိုပြီး တိုးချဲ့ဖွင့်လှစ်တာပါ။ မြန်မာပြည် အနယ်အနယ်အရပ်ရပ်က ကလေးတွေ ဒီဆေးရုံကို လွှဲပြောင်းကုသပေးဖို့ ရောက်လာတဲ့ ကလေးတွေကို လက်ခံ ကုသပေးတာ ဖြစ်ပါတယ်။ အဖြစ်များတာက မွေးကင်းစ ကလေး အသား ဝါခြင်း၊ သေးငယ်သောကလေး၊ သန္ဓေလ မစေ့ဘဲ မွေးဖွားတာကြောင့် ကလေးကိုယ်အလေးချိန် မပြည့်ခြင်း၊ အထူးသဖြင့် အသက်ရှူ လမ်းကြောင်း ပြဿနာ၊ မိခင်ဝမ်းက ထွက်ချင်း ရေမွန်းတဲ့ကလေး၊ ရေမြွှာပေါက်ပြီး အသက်မရှူနိုင်တဲ့ကလေး အစရှိတဲ့ ရောဂါတွေပါ။
နိုင်ငံတော် ထောက်ပံ့မှုနဲ့ စက်ပစ္စည်းကိရိယာတွေ၊ နည်းပညာထောက်ပံ့ မှုတွေကြောင့် ကလေးလူနာတွေကို တိုးတက်အောင်ကုသပေးနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့လူနာ ဦးရေများပြားလာတယ်။ အရေးအကြီးဆုံးက ရောဂါပိုး ဝင်တာပဲ။ မိခင်ဝမ်းကထွက်ခါစဆိုတော့ ရောဂါပိုးဒဏ်၊ ပတ်ဝန်းကျင်ရဲ့ အပူအအေးဒဏ်ကို မခံနိုင်ဘူး။ အနယ်နယ်အရပ်ရပ်ကဆိုတော့လည်း ရောဂါပိုး ပါလာတဲ့ ကလေးတွေလည်းရှိတော့ ကူးစက်မှုမရှိအောင်၊ ဒါ့အပြင်မွေးဖွားတဲ့ ရာဇဝင်အနေအထားပေါ် မူတည်ပြီး သတ်မှတ်ထားတဲ့ အခန်းတွေမှာ ခွဲထုတ်ပြီး ထားတယ်။ ကလေးအများစုကတော့ ကျန်းမာတဲ့ကလေးတွေ များပေမယ့် အနည်းစုကတော့ အခုလို ကုသမှုပေးနေရတယ်။ လူနာရှင်တွေကို ကလေး သူငယ် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်တဲ့ အသိပညာတွေပေး ရတယ်။ ဒါကြောင့် သူတို့ကို ဘယ်လို ထိန်းသိမ်းစောင့်ရှောက်ရမယ်။
အိမ်မှာ မွေးတာတွေလည်း ရှိတော့ သန့်ရှင်းအောင် ဘယ်လိုမွေးရမယ်။ မွေး လာပြီး ရောဂါပိုးမရအောင် ဘယ်လိုထားရမယ်။ ကလေးတစ်ယောက် ကျန်းမာ လား မကျန်းမာလားဆိုတာ ကြည့်တတ်ရမယ်။ ဒါဆိုရင် ကလေးတွေ အသက် ရှင်သန်ဖို့ အခွင့်အလမ်းတွေ ပိုပြီးတော့ ထောက်ပံ့ပေးနိုင်မယ်လို့ ယူဆ တယ်။ နောက်ပြီးတော့ တစ်ပြည်လုံး အတိုင်းအတာနဲ့ ဆရာဝန်တွေ၊ သူနာပြုတွေကို သင်တန်းတွေပေးခြင်းဖြင့် သက်ဆိုင်ရာ ဒေသကို ရှောက်ရှိရင် ပင် ပိုမို နားလည်ပြီး အဆင်ပြေမှာပါ။ ကျန်းမာရေး ပညာပေး တာတွေ ပြည်သူ လူထုကို များများဖြန့်စေချင်တယ်။ အခုဆေးရုံတက်လာတဲ့ အမေ တစ်ယောက် ကို မေးကြည့်ရင် သိပ်မသိဘူး။ ဒါမျိုးတွေ တွေ့နေရတယ် ကျန်းမာရေးနဲ့ ပတ်သက်ပြီး သိစေချင်တယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှု ဘယ်လိုနေရ မယ်၊ မွေးဖွားလာရင် သန့်ရှင်းအောင် နေထိုင်ပုံ၊ ကလေးတွေ ဘယ်လို အခြေ အနေဆိုရင် ဆေးရုံကို လာရမယ် အစရှိတဲ့ ကျန်းမာရေးအသိ မိခင်တွေ၊ မိသားစုဝင်တွေကို သိရှိဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။
မဇင်ပွင့်အောင်၊ အသက်(၂၀ နှစ်)
ဒဂုံအရှေ့ပိုင်းမြို့နယ် ရွာသာကြီး ကလေးလူနာ၏မိခင်
“ကျွန်မက ကလေးမီးဖွားပြီးတာ လေးရက်ရှိပါပြီ။ သဘာဝအတိုင်း အိမ်မှာပဲ မွေး ခဲ့ပါတယ်။ ကျွန်မရဲ့ခန္ဓာ ကိုယ်ကို နနွင်းလိမ်းထားတာကြောင့် ကလေးအသားဝါ တယ်ထင်တာပါ။ မနေ့ကစပြီး ကလေးက နို့မစို့နိုင်တာ ကြောင့် ဆေးရုံလာ ခဲ့တော့ ဆေးရုံတက်ရမယ်လို ပြောပါတယ်။ ဒီဆေးရုံက ကလေးအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုပေးနိုင်တယ်လို့ သိရတာကြောင့် ရောက် လာခဲ့တာပါ”ဟု ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ ထောင်စုနှစ် ရည်မှန်းချက်တွင် ပါဝင်သည့် မိခင်နှင့် ကလေးများ သေဆုံးမှု လျှော့ချရေးကို စီမံချက်များချမှတ်ဆောင်ရွက် လျက်ရှိရာ အဆိုပါ ရန်ကင်းကလေး ဆေးရုံကြီးတွင် မွေးကင်းစ ကလေးလူနာ များနှင့် မွေးရာပါ နှလုံးရောဂါ ဝေဒနာရှင် ကလေးလူနာများကို ခေတ်မီ နည်းစနစ်များဖြင့် ထိထိရောက်ရောက် ကုသမှုများ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လူနာများကို နွေးထွေးစွာဆက်ဆံပြီး ထိရောက်စွာ ကုသမှုပေးရန်နှင့် ဝေဒနာရှင် ကလေးငယ်များ၏ အသက်ကို ကယ်တင်ပေးရန်၊ ရောဂါသက်သာပျောက်ကင်းအောင် စေတနာထား ကုသပေး ရန် အဆိုပါ အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက တိုက်တွန်း ပြောကြားခဲ့သည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment