22.3.16

မြောက်ကိုရီးယားနိုင်ငံက မည်သည့်အချိန်တွင်မဆို ပဉ္စမအကြိမ်မြောက် နျူစမ်းသပ်မှုပြုလုပ်နိုင်ဟုတောင်ကိုရီးယား ပြောကြား

ခေါင်းဆောင်ပိုင်းက ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်ပါက မြောက်ကိုရီးယား နိုင်ငံအနေဖြင့် မည်သည့်အချိန်တွင်မဆို နောက်ထပ်နျူကလီးယားစမ်းသပ်မှု ပြုလုပ်နိုင်ကြောင်း တောင်ကိုရီးယားပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက မတ် ၂၁ ရက်တွင် ပြောကြားသည်။

ပဉ္စမအကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကို ယခုအချိန်ပင်ပြုလုပ်နိုင်ကြောင်း၊ အစိုးရက ဖြစ်နိုင်ဖွယ်ရာများအားလုံးအတွက် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း တောင်ကိုရီးယားပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ဂျောင်ဂျွန်ဟီးက ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ပြောကြား သည်။ မြောက်ကိုရီးယားနိုင်ငံက စတုတ္ထမြောက်နျူကလီးယားစမ်းသပ်မှုကို ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်က ပြုလုပ်ခဲ့ပြီး ဟန်ဆောင်ထားသောဒုံးကျည် နည်းပညာစမ်းသပ်မှုတစ်ရပ်အဖြစ် ရှုတ်ချခံခဲ့ရသည့် တာဝေးပစ်ဒုံးပျံပစ်လွှတ်မှု တစ်ရပ်ကို ဖေဖော်ဝါရီ ၇ ရက်က ပြုလုပ်ခဲ့သည်။
အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားနိုင်ငံတို့၏ နှစ်စဉ်ပြုလုပ် နေကျ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို တုံ့ပြန်သောအားဖြင့် နျူကလီးယားလက်နက်ဖြင့် လက်ဦးမှုယူတိုက်ခိုက်မှုပြုလုပ်မည်ဟု ပြုံယမ်းကသတိပေးခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က နျူကလီးယားထိပ်ဖူးများနှင့် တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှုများပြုလုပ်ရန် အမိန့်ပေးခဲ့သည်။ မတ် ၇ ရက်က စတင်ခဲ့သော Key Resolve စစ်ရေးလေ့ကျင့်မှုမှာ ပြီးခဲ့သည့် ရက်သတ္တပတ်က ပြီးဆုံးခဲ့ပြီဖြစ်သော်လည်း Foal Eagle စစ်ရေးလေ့ကျင့်မှုမှာ ဧပြီ ၃ဝ ရက်ထိ ကြာမြင့်မည်ဖြစ်သည်။
တောင်ကိုရီးယားစစ်ဘက်က နျူကလီးယားဖောက်ခွဲမှုများနှင့်ပတ်သက်၍ စိုးရိမ်မှုကိုဖော်ပြခဲ့သည်။ ခေါင်းဆောင်ပိုင်းက ဆုံးဖြတ်ချက်ချမှတ်သည့်မည်သည့်အချိန်တွင်မဆို နျူကလီးယားစမ်းသပ်မှုပြုလုပ်ရန်အဆင်သင့်ဖြစ်မှုကို မြောက်ကိုရီးယားနိုင်ငံက ဆက်လက်ဆုပ်ကိုင်ခဲ့သည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မွန်းဆန်ကျွန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ပြောကြားသည်။ တောင်ကိုရီးယားစစ်ဘက်က တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့မှ ထောက်လှမ်းရေးအာဏာပိုင်များနှင့်အတူ သက်ဆိုင်ရာအခြေအနေများကို အနီးကပ်စောင့်ကြည့်၍ ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment