22.3.16

ရန်ကင်းကလေးဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် တောင်ဒဂုံမြို့နယ်မှ ဦးနှောက်အမြှေးရောင် သံသယရှိ ကလေးငယ်များကို ဆေးစစ်ခဲ့ရာ ရောဂါပိုး မတွေ့ရှိ၍ ကလေးအများစုကို ဆေးရုံမှ ဆင်းခွင့်ပြု


ရန်ကင်းကလေးဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် တောင်ဒဂုံမြို့နယ်၊၂၁ ရပ်ကွက် စည်ပင်ဝင်းအတွင်းမှ ဖျားနာပြီး ဦးနှောက်အမြှေးရောင် သံသယရှိ ကလေးငယ် ၂၀ ဦးကို ဆေးစစ်ခဲ့ရာ ရောဂါပိုးမတွေ့ရှိခြင်းကြောင့် ကလေးငယ် ၁၉ ဦးကို မတ် ၂၁ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ကျန်တစ်ဦးမှာ အဆုတ်ရောင်နှင့် သွေးလွန်တုပ်ကွေးလက္ခဏာများ တွေ့ရှိနေခြင်းကြောင့် လက်ရှိတွင် ဆေးကုသမှု ခံယူနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာသာထွန်းကျော်၏ ပြောကြားချက်အရ သိရသည်။


တောင်ဒဂုံမြို့နယ် စည်ပင်ဝင်းအတွင်း နေထိုင်သော စည်ပင်အလုပ်သမား ဦးတင်မိုးဝင်း၊ ဒေါ်ဇင်မာတို့တွင် သားသမီး လေးဦးရှိပြီး သားဖြစ်သူ မောင်ထက်အောင် (၃ နှစ်)သည် မတ် ၁၄ ရက်တွင် လည်းကောင်း၊ မဇင်မာမိုး (၈ နှစ်)သည် မတ် ၁၈ ရက်တွင် လည်းကောင်း သေဆုံးခဲ့ကြောင်းနှင့် အဆိုပါ ကလေးနှစ်ဦးအနက် တစ်ဦးမှာ ဦးနှောက်အမြှေးရောင်ရောဂါဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။

အဆိုပါ စည်ပင်ဝင်းအတွင်း၌ ကလေးငယ်နှစ်ဦး ဆက်တိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်များရှိခဲ့ခြင်းကြောင့် ယင်းဝင်းအတွင်းမှ ဖျားနေသည့် အခြားကလေးငယ်၂၀ ဦးတို့သည် မတ် ၁၉ ရက် မွန်းလွဲပိုင်းက ရန်ကင်းကလေးဆေးရုံကြီးသို့ ဦးနှောက်အမြှေးရောင် သံသယရှိ လူနာများအဖြစ် ရောက်ရှိလာကြောင်း၊ အဆိုပါ ကလေးငယ် ၂၀ ဦးအား သီးခြားကုသစေပြီး လိုအပ်သည့် စစ်ဆေးချက်များ ပြုလုပ်ခဲ့ကြောင်း၊ ဆေးစစ်ချက်များအရ ကလေးငယ်၂၀ ဦးအနက် ၁၉ ဦးမှာ ရောဂါပိုး မတွေ့ရှိခြင်းကြောင့် မတ် ၂၁ ရက်က ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်းနှင့် ကျန်ကလေးငယ်တစ်ဦးမှာ အဆုတ်ရောင်နှင့် သွေးလွန်တုပ်ကွေးလက္ခဏာများ တွေ့ရှိနေခြင်းကြောင့် ဆေးရုံဆင်းခွင့် မပြုသေးခြင်းဖြစ်ကြောင်း ဒေါက်တာသာထွန်းကျော်၏ ပြောကြားချက်အရ သိရသည်။

“ဆေးရုံကို ရောက်လာတဲ့ ကလေးတွေကို လိုအပ်တဲ့ကုသမှုတွေ ပေးတယ်။ စမ်းသပ်မှုလုပ်လိုက်တော့ အယောက်၂၀ လုံးမှာ ဦးနှောက်အမြှေးရောင်တဲ့ပိုး ရှိတယ်ဆိုတဲ့ အဖြေ တစ်ယောက်မှ မထွက်ဘူး။ ဦးနှောက်အမြှေးရောင်တဲ့ လက္ခဏာလည်း မရှိဘူး။ လာတဲ့ကလေးထဲမှာ တချို့ဆို မဖျားတဲ့ ကလေးတောင် ပါလာတယ်။ ၁၉ ယောက်ကို ဒီနေ့ ဆင်းခွင့်ပြုမယ်။ ကျန်တဲ့တစ်ယောက် မွေးကင်းစကလေးကတော့ အဆုတ်ရောင်တဲ့ လက္ခဏာအပြင် သွေးဖောက်စစ်တော့ သွေးလွန်တုပ်ကွေးပြဿနာလည်း ရှိနေတော့ ကုသမှုဆက်ပေးရဦးမှာပါ။ ဆေးရုံရောက်လာတဲ့ ကလေးတွေက အသက် ၁၁ နှစ်အောက် ကလေးတွေပါ။ အဓိက ကတော့ ကလေးတွေအတွက် စိုးရိမ်ကြောက်လန့်လို့ ဖြစ်တဲ့အခြေအနေပဲ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး ဒေါက်တာသာထွန်းကျော်က ပြောကြားသည်။

ဦးနှောက်အမြှေးရောင်ရောဂါမှာ ကူးစက်လွယ်သည့် ရောဂါတစ်မျိုးဖြစ်ပြီး ရောဂါပိုးမျိုးကွဲ A ၊ B ၊ C ၊ W နှင့် တို့ရှိပြီး ရောဂါရှိသူနှင့် ထိတွေ့မှုများဖြစ်သည့် အတူနေခြင်း၊ ဖက်နမ်းခြင်း၊ တံတွေးနှင့် သွားရည်တို့မှတစ်ဆင့် ကူးစက်နိုင်ပြီး ရောဂါဖြစ်စေနိုင်သည့် အဆိုပါပိုးမှာ နှာခေါင်းနှင့် အာခေါင်အနောက်နားတွင် တစ်ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ရှိနေနိုင်ကြောင်း သိရသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment