9.3.16

RCSS နှင့် ဆွေးနွေးရန် နေရာနှင့်အချိန် ညှိနှိုင်းဟု TNLA ဆို

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် တအာင်းပလောင် လွတ်မြောက်ရေးတပ်(TNLA)တို့ကြား လက်ရှိဖြစ်ပွားနေသည့်တိုက်ပွဲများ ရပ်တန့်နိုင်ရေးအတွက် နှစ်ဖက်တွေ့ ဆုံဆွေးနွေးရန် နေရာနှင့်အချိန်ကို ညှိနှိုင်းလျက်ရှိကြောင်း TNLA မှ
ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က The Voice သို့ ပြောကြားသည်။

တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်ရေးအတွက် TNLA အဖွဲ့ဝင်အဖြစ်ပါဝင်လျက်ရှိသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိခြင်းနှင့် ပတ်သက်ပြီး ၄င်းက
ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။
“အဓိကကတော့ ကျွန်တော်တို့ကြားမှာ လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာကို ဘယ်လိုဆောင်ရွက်သွားမလဲ ဆိုတာဆွေးနွေးသွားမယ်။ အခုဖြစ်နေတဲ့ ပြဿနာကို
ငြိမ်းအောင်လုပ်ဖို့က အဓိက ကျပါတယ်”ဟု ၄င်းက ပြောကြားသည်။
ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS/SSA) ဘက်မှလည်း တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ဖြစ်နေပြီး TNLA အဖွဲ့နှင့်သာ တိုက်ရိုက်
ဆွေးနွေးလိုကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက ဆိုသည်။
“UNFC နဲ့ TNLA တစ်ဖွဲ့တည်းပဲလေနော် သူတို့ကို ပြောထားတယ် သူတို့နဲ့ တိုက်ရိုက်ဆွေးနွေးလိုတယ်လို့ တွေ့ဖို့လည်း အဆင်သင့်ဖြစ်ပြီဆိုတဲ့
အကြောင်းပြောပြီးပါပြီ။ SSPP ကလည်း ကြားဝင်ပေးမယ်လို့ ပြောတာ
လက်ခံပါတယ်။ သူတို့နဲ့ကြီးပဲဖြစ်မှာမဟုတ်ဘူး TNLA ပါမှဖြစ်မယ် ပါရင်
ပိုကောင်းမယ် အဲ့ဒါကျွန်တော်တို့စောင့်နေပါတယ် အကြောင်းမပြန်သေးပါဘူး။ ကျွန်တော်တို့က အသင့်ရှိပါတယ်” ဟု ဗိုလ်မှူးကြီးစိုင်းလက ပြောသည်။
NCA သဘောတူစာချုပ် ချုပ်ဆိုပြီးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းသို့
ပြောင်းရွှေ့အခြေချလာသည့် RCSS/SSA တပ်များနှင့် မူလတပ်စွဲထားသည့် တပ်များကြားတိုက်ပွဲများဖြစ်ပွားနေသည်မှာ လေးလခန့်ကြာမြင့်နေပြီ ဖြစ် သည်။
အဆိုပါတိုက်ပွဲများကြောင့် ထိခိုက်သေကျေ ဒဏ်ရာရမှုများ၊ ပြည်သူလူထု
ကြား မတည်ငြိမ်မှုများ ဖြစ်ပွားနေသည့်အတွက် တိုက်ပွဲများ ရပ်တန့်ပေးရန် 'ဝ' ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)နှင့်မိုင်းလား အဖွဲ့ (NDAA)တို့က ဖေဖော်ဝါရီလ ၂၆ရက်က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ သည်။
အဆိုပါ တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူ ၄ဝဝဝခန့် နေအိမ်စွန့်ခွာပြီး
စစ်ဘေးခိုလှုံလျက်ရှိကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနထံမှသိရသည်။

Credit To >>> The Voice Weekly

0 comments:

Post a Comment