24.5.16

ABSDF ဥက္ကဋ္ဌဟောင်းများဖြစ်သည့် ဒေါက်တာနိုင်အောင်နှင့် ဦးမိုးသီးဇွန်တို့ အစိုးရသစ် လက်ထက်တွင်မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာမရ ဖြစ်နေ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌဟောင်းများဖြစ်သည့် ဒေါက်တာနိုင်အောင်နှင့် ဦးမိုးသီးဇွန်တို့ NLD အစိုးရလက်ထက်တွင် မြန်မာနိုင်ငံအတွင်းသို့ လာရောက်ရန် ဗီဇာမရရှိသည့် အခြေအနေဖြစ်နေကြောင်း သိရသည်။

“ကျွန်တော်တို့ဟာ ဒေါ်စု လွတ်မြောက်ရေးအတွက် တစ်လျှောက်လုံး တိုက်ပွဲဝင်ပေးခဲ့တယ်။ မင်းကိုနိုင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ တိုက်ပွဲဝင်ပေးခဲ့တယ်။ အခု ကျွန်တော်တို့ ဗီဇာပေးဖို့အတွက်တော့ ဘယ်သူကမှ ပြောမပေးကြဘူးဗျာ။ စိတ်မကောင်းစရာပဲ။ ကျွန်တော်တို့ဟာ ၂၇ နှစ်လုံးလုံး ပြည်ပကနေ မြန်မာပြည် ဒီမိုကရေစီ အပြောင်းအလဲအတွက် လုပ်ဆောင်ခဲ့သူပါ” ဟု ဦးမိုးသီးဇွန်က ဆိုသည်။
အစိုးရသစ်လက်ထက်တွင်  မြန်မာနိုင်ငံသားဟောင်းများနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏အကျိုး ကာကွယ်စောင့်ရှောက်မှုများကို ယခင်ကထက် ပိုမိုသွက်လက်လျင်မြန်အောင် ဆောင်ရွက်နေပြီး ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသားဟောင်းများ မြန်မာပြည်ပြန်လာရာတွင် ယခင်ကထက် ပိုမိုအဆင်ပြေစေရေးကို လုပ်ဆောင်နေကာ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့်လည်း ပြည်ဝင်ဗီဇာနှင့် ပတ်သက်ပြီး ဖြေလျော့ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဦးစားပေးလုပ်ငန်းများအဖြစ် ဆောင်ရွက်နေကြောင်း သိရသည်။
မြန်မာနိုင်ငံသားဟောင်းများ အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပါက လူမှုရေးဗီဇာ လျှောက်ထားရပြီး လူမှုရေးဗီဇာသည် ခွင့်ပြုကာလအားဖြင့် ၂၈ ရက်သတ်မှတ်ထားကာ ဆက်လက်နေထိုင်လိုသူများအနေဖြင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ ဆက်သွယ်ကာ နေထိုင်ခွင့်သက်တမ်း တိုးရမည်ဖြစ်သည်။ လက်ရှိအခြေအနေတွင် ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းများအနေဖြင့် ပြည် ၀င်ဗီဇာမလိုဘဲ ဆိုက်ရောက်ဗီဇာ လျှောက်ထားခြင်းဖြင့် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရန် စီစဉ်ပေးသင့်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ  ဦးဘိုကြည်က ဆိုသည်။
ပြည်ဝင်ခွင့် ဗီဇာရရှိမှု မရှိဖြစ်နေသူ  မြန်မာနိုင်ငံသားဟောင်းများအနေဖြင့်လက်ရှိ အစိုးရလက်ထက်တွင် ၀န်ကြီးဌာနများ၏ လုပ်ကိုင် ဆောင်ရွက်မှုများကြောင့် ပြည်ဝင်ခွင့် မရဖြစ်နေခြင်းမှာ NLD အစိုးရအပေါ် အားမလိုအားမရ အထင်လွဲစရာ ဖြစ်လာနိုင်သည့် အခြေအနေ ဖြစ်နေသည်ဟု ဒေါက်တာနိုင်အောင်က ဆိုသည်။
“ပြည်ပက ပြန်လာလိုသူတွေ NLD အစိုးရကို အထင်လွဲအားမလို အားမရဖြစ်အောင် လုပ်နေသလားလို့ သံသယဖြစ်စရာပဲ။ NLD အစိုးရအနေနဲ့ကတော့ ပြန်မလာနဲ့လို့ တားမှာမဟုတ်ပါဘူး။ ဒီမိုကရေစီရေး ၂၈ နှစ်လုံး လုပ်ခဲ့တဲ့လူတွေ ပူးပေါင်းဆောင်ရွက်ဖို့ ပြန်လာမှာကို NLD အစိုးရကတော့ လိုလားမယ်လို့ ထင်ပါတယ်။ အခုဟာက မပေးဘူးရယ်လို့ လည်း ယတိပြတ်ပြောတာ မဟုတ်ဘူး။ အထက်ကို တင်ပြရမှာမို့လို့တဲ့။ စိတ်ထဲမှာ မရနိုင်ဘူးထင်တာက မနက်ပိုင်းလျှောက်လွှာ၊ ပိုက်ဆံတွေ အားလုံးယူထားပြီး ညနေကျမှ ပိုက်ဆံပြန်ပေးပြီး အထက်ကခွင့်ပြုမှုကို စောင့်ရဦးမယ်။ ဖုန်းနဲ့ ပြန်ဆက်သွယ်မယ်လို့ ပြောတာကို။ အတွေ့အကြုံတွေအရ အဲဒါမျိုးတွေဆိုရင် ပြန်ဆက်သွယ်လေ့ မရှိသလို ရဖို့နည်းသွားနိုင်တယ်လေ” ဟု ဒေါက်တာနိုင်အောင်က ဆိုသည်။
မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လိုသူ မြန်မာနိုင်ငံသားဟောင်းများ အပါအ၀င် ကမ္ဘာလှည့်ခရီးသွားများအား ပြည်ဝင်ခွင့်ခွင့် ပြုရာတွင် နိုင်ငံတကာ သတင်းအချက်အလက်များအရ အကြမ်းဖက် အဖွဲ့အစည်းများနှင့် အဆက်အသွယ် ရှိနေသူများကို လုံးဝပြည်ဝင်ခွင့်မပြုရန် Black List သွင်းခြင်း၊  စောင့်ကြည့်စာရင်းသွင်းခြင်း စသည့်အခြေအနေများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။
ထိုသို့ Black List သွင်းခြင်း၊ စောင့်ကြည့်စာရင်းသွင်းခြင်းစသည့် အခြေနေများကိုလည်း နိုင်ငံ့အခြေအနေနှင့် အစိုးရ အကူးအပြောင်း အစရှိသည့် အခြေအနေများတွင် ပြန်လည်သုံးသပ်ခြင်းများ ပြုလုပ်ခြင်းနှင့် စောင့်ကြည့်စာရင်းတွင် ပါဝင်နေခြင်းစသည့် အခြေအနေများကြောင့် သက်ဆိုင်ရာသံရုံးများမှ ဒေါက်တာနိုင်အောင်နှင့် ဦးမိုးသီးဇွန်ကို ပြည်ဝင်ခွင့်ပြုရန် အဆင့်ဆင့်တင်ပြသည့် အခြေအနေ ဖြစ်နေခြင်းကြောင့် လတ်တလော ၀င်ခွင့်မရသည့် အခြေအနေဖြစ်နိုင်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးကျော်ဇေယျက မေ ၂၃ ရက်တွင် ပြောကြားသည်။
“ဗီဇာလို့ ပြောတဲ့အခါ ကျွန်တော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကောင်စစ်ရေးနှင့် ဥပဒေရေးရာ ဦးစီးဌာနဆိုတာရှိတယ်။ အဲဒီကို သေချာမေးကြည့်မှရမယ်။ ကျွန်တော်တို့ နိုင်ငံတွေတိုင်းမှာ စောင့်ကြည့်စာရင်းတို့ Black List စာရင်းတို့ဆိုတာ ရှိပါတယ်။ အဲဒါတွေမှာ Review လုပ်နေဆဲ သုံးသပ်နေဆဲဆိုရင် အဲဒီစာရင်းမှာ ပါမပါ သေချာအောင် ပြန်မေးတဲ့သဘော ဖြစ်ပါလိမ့်မယ်။ သေသေချာချာ ပြောမယ်ဆိုရင်တော့ ဒါက ကောင်စစ်နဲ့ တိုက်ရိုက်ဆိုင်ပါတယ်။ နိုင်ငံတိုင်းမှာတော့ သူတို့ရဲ့ စောင့်ကြည့်စာရင်းတို့ Black List တို့ ရှိပါတယ်။ နိုင်ငံရဲ့ စီးပွားရေးထိခိုက်မှုတို့ အကျိုးစီးပွား ထိခိုက်မှုတို့ မြန်မာနိုင်ငံမှာ လာပြီးတော့မှ ဗရုတ်သုက္ခလုပ်ပြီးတော့ ဒီကလူတွေကို မလျော်မကန် စွပ်စွဲသွားတာမျိုးတို့  အဲဒီလိုဆိုရင် Black List သွင်းကြတယ်။ ကျွန်တော်တို့ဆီမှာဆိုရင်လည်း အဲဒီလိုဖြစ်ပြီဆိုရင် Black List သွင်းတယ်။ တချို့တွေမှာ Black List ဖြစ်သွားပြီဆိုရင် အနှစ် ၂၀ လောက် ပြည်ဝင်ခွင့် ပိတ်တာမျိုးရှိတယ်။ အစိုးရ အပြောင်းအလဲမှာဆိုရင်တော့ ပြန်လည်သုံးသပ်တာမျိုးရှိတယ်။ အခုနက ကျွန်တော်ပြောသလို ပြန်တင်ပြမယ်ဆိုတာက ဒီစာရင်းတွေထဲမှာ ရှိမရှိ သေချာအောင် ပြန်မေးတာမျိုး ရှိပါလိမ့်မယ်” ဟု ဦးကျော်ဇေယျက ပြောကြားသည်။
ထိုသို့ ဒေါက်တာနိုင်အောင်နှင့် ဦးမိုးသီးဇွန်တို့ ပြည်ဝင်ခွင့်မရ ဖြစ်နေသည့် အခြေအနေအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးနှင့် ပြောရေးဆိုခွင့်အဖွဲ့ အတွင်းရေးမှူး ကောင်စစ်ရေးနှင့် ဥပဒေရေးရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးအား  ဒေါက်တာနိုင်အောင်နှင့် ဦးမိုးသီးဇွန်တို့ကို စောင့်ကြည့်စာရင်းနှင့် Black List စာရင်းတွင် ပါဝင်ခြင်း၊ ပါဝင်နေပါက ပြန်လည်ပြင်ဆင်ရန် သုံးသပ်နေခြင်းများ ရှိမရှိ ဆက်သွယ်ရာ ဖုန်းဝင်သော်လည်း ဖြေဆိုမှု မရှိချေ။ ထို့ကြောင့်  အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်ကို ဆက်လက် မေးမြန်းရာ ဗီဇာမရရှိ ဖြစ်နေသည့် အခြေအနေကို သိရှိမှုမရှိသေးကြောင်းနှင့် ဗီဇာဝင်ခွင့် မရရှိဖြစ်နေခြင်းမှာ ဒေါက်တာနိုင်အောင်နှင့် ဦးမိုးသီးဇွန်တို့ လျှောက်ထားသည့် သံရုံးများ၌သာ မေးမြန်းရမည်ဖြစ်ကြောင်း မေ ၂၃ ရက်တွင် ပြန်လည် ပြောကြားသည်။
ဒေါက်တာနိုင်အောင်နှင့် ဦးမိုးသီးဇွန်တို့သည် ယခင်အစိုးရလက်ထက် ၂၀၁၂ သြဂုတ်လကုန်နှင့် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် ရရှိခဲ့ဖူးကြောင်း သိရသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment