24.5.16

မိုဘိုင်းဖုန်းများ ခေါ်ဆိုရာတွင် လိုင်းပြတ်တောက်ခြင်းနှင့် အသံမကြည်လင်ခြင်းများ မကြာခဏဖြစ်ပေါ်နေ


မိုဘိုင်းဖုန်းများ ခေါ်ဆိုရာတွင် ဆက်သွယ်မှုလိုင်းများ ပြတ်တောက်ခြင်းနှင့် ဖုန်းပြောရာတွင် ကောင်းမွန်စွာ မကြားရခြင်း၊ အသံကြည်လင် ပြတ်သားမှု မရှိခြင်းများ မကြာခဏ ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် သုံးစွဲသူများ အနေဖြင့် စိတ်အနှောင့်အယှက်ဖြစ်ရခြင်း၊ ၀န်ဆောင်မှုအပေါ် အားမရခြင်းများ ကြုံတွေ့နေကြရကြောင်း သိရသည်။
"ပြောနေရင်းနဲ့ အသံပျောက်သွားတာတွေ၊ အသံမကြည်မလင်ဖြစ်ပြီး ရှုပ်ထွေးသွားတာတွေ၊ လိုင်းကျသွားတာတွေ ဖြစ်တာက တော်တော်စိတ်ညစ်ဖို့ ကောင်းပါတယ်။ အဲဒါမျိုးတွေက တယ်လီနောမှာ တော်တော်အဖြစ်များတယ်။ နောက်ပြီး တယ်လီနောတို့ အူရီဒူးတို့ သုံးတဲ့အခါ အဆောက်အအုံထဲ၊ ဆိုင်ထဲမှာသုံးရင် လိုင်းမကောင်းတာများပြီး လိုင်းတွေပျောက်ပျောက် သွားတာမျိုး ကြုံရတယ်။ အော်ပရေတာတွေ အနေနဲ့ ၀န်ဆောင်မှုစတင်ပြီး တစ်နှစ်ခွဲကျော် ကြာလာတဲ့အချိန်မှာ ဒါမျိုးတွေက သိပ်မဖြစ်သင့်တော့ဘူး ထင်ပါတယ်" ဟု ဆက်သွယ်ရေး အော်ပရေတာ သုံးခုစလုံး၏ ၀န်ဆောင်မှုများကို သုံးစွဲသူ ကိုဖြိုးသန့်စင်က ပြောကြားသည်။
ဆက်သွယ်ရေး အော်ပရေတာများတွင် ဖိုင်ဘာလိုင်းချွတ်ယွင်းခြင်းကြောင့် ဖုန်းခေါ်ဆိုမှုနှင့် အင်တာနက်လိုင်း ပြတ်တောက်ခြင်းများမှာ မကြာခဏ ဖြစ်ပေါ်နေပြီး အသိပေးကြေညာခြင်းနှင့် တောင်းပန်ခြင်းများကို မကြာခဏ ထုတ်ပြန်ကြေညာ နေရကြောင်း သိရသည်။
ထိုသို့ ချွတ်ယွင်းခြင်းများမှာ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ရာသီဥတု ကောင်းမွန်သော ဆောင်းရာသီနှင့် နွေရာသီ၌ပင် မကြာခဏ ဖြစ်ပေါ်ကြုံတွေ့ ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ရာသီဥတုဘေးဒဏ် ပိုမိုများပြားသော မိုးရာသီတွင် သုံးစွဲသူများအနေဖြင့် စိုးရိမ်မှုပိုမို များပြားနေကြောင်း သိရသည်။
ဖိုင်ဘာလိုင်းချွတ်ယွင်းခြင်းများနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက "ဖိုင်ဘာတွေကို ခြောက်ပေအနက်အထိ မြှုပ်ထားတာဖြစ်ပါတယ်။ ဒဏ်ခံကြိုးတွေလည်း ခံထားပါတယ်။ ဖိုင်ဘာဆက်ကြောင်းတွေနဲ့ ပတ်သက်ပြီး လုပ်ငန်းခွင်ပြ မြေပုံ၊ ဖိုင်ဘာလမ်းကြောင်းပြ မြေပုံတွေ သေချာရှိပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ ဒေသခံတွေရဲ့ မသိနားမလည်မှုတွေကြောင့်နဲ့ လုပ်ငန်းခွင်သုံး ဘက်ဟိုးတွေကြောင့် ထိခိုက်ချွတ်ယွင်းတာတွေ ဖြစ်တတ်ပါတယ်။ အမှုမဲ့ အမှတ်မဲ့နဲ့ သတိမထားမိတာကြောင့် ဖြစ်တာပါ။ တော်ရုံတန်ရုံကတော့ သူ့ကိုမထိခိုက်ရင် ချွတ်ယွင်းမှုဆိုတာ ဖြစ်ခဲပါတယ်။ အများအားဖြင့်တော့ ဘက်ဟိုးတွေကြောင့် ထိခိုက်မှုဖြစ်တတ်ပါတယ်။ မြို့ဝင်ဆက်ကြောင်းတွေမှာတော့ Overhead သွားတာတွေ ရှိပြီး ဒါတွေကတော့ မိုးဒဏ် လေဒဏ်တွေကြောင့် ပျက်တတ်ပါတယ်" ဟု ပြောကြားသည်။
"အူရီဒူးက 4G ၀န်ဆောင်မှု စပြီးတဲ့နောက်မှာ မြို့တွင်းမြို့နယ်တွေမှာ သုံးရင် တော့ LTE လို့ပေါ်ပြီး အင်တာနက် မြန်နှုန်းကောင်းပါတယ်။ ဒါပေမဲ့ တသမတ်တည်းတော့ မဟုတ်ဘူး။ 3G ပဲရတဲ့ နေရာတွေမှာတော့ အင်တာနက်လိုင်းက ပိုနှေးသွားတာ မျိုးတွေကြုံရတယ်" ဟု အူရီဒူးသုံးစွဲသူ တစ်ဦးက ပြောကြားသည်။
ထို့ပြင် ဆက်သွယ်ရေး အော်ပရေတာများ၏ ပရိုမိုးရှင်း အစီအစဉ်များနှင့် ပတ်သက်၍ သုံးစွဲသူများ နားလည်မှု လွဲမှားခြင်းရှိနေပြီး အော်ပရေတာများ၏ အစီအစဉ် ကြော်ငြာများမှာလည်း ရှုပ်ထွေးမှုများ ရှိနေကြောင်း သိရသည်။
"ဖုန်းသုံးစွဲသူ တော်တော်များများက ဖုန်းဘီလ် အဖြတ်ကြမ်းတယ်ဆိုပြီး ဝေဖန်မှုတွေများနေတာ တွေ့ရတယ်။ အခု 4G ဆိုပြီး ဖြစ်လာတော့ ဒီပြဿနာက ပိုကြုံတွေ့ရနိုင်တယ်။ အော်ပရေတာဘက်က လိုက်ပြောတာ မဟုတ်ပေမယ့် အင်တာနက်မြန်နှုန်း မြင့်လာတာနဲ့အမျှ Volume Based နဲ့ ကောက်ခံတဲ့စနစ်မှာ ကုန်ကျစရိတ်က ပိုများလာမယ်ဆိုတာ သိထားရပါမယ်။ ဥပမာ- 1GB ဖိုင် အရွယ်အစားရှိတဲ့ မိုဘိုင်းဂိမ်း အကြီးတစ်ခုကို Download ဆွဲမယ်ဆိုပါစို့။ သူ့အတွက် Package Plan တန်ဖိုးက ကျပ် ၆၅၀၀ ပဲထားပါ။ 1GB ကို နှစ်နာရီလောက် အချိန်ကြာတဲ့ အခြေအနေမှာ နှစ်နာရီကြာမှ ၆၅၀၀ ကုန်မှာဖြစ်ပေမယ့် နာရီဝက်နဲ့ 1GB ကျသွားတဲ့အခါ နာရီဝက်အချိန် အတွင်းမှာ ကျပ် ၆၅၀၀ ကုန်သွားမှာ ဖြစ်ပါတယ်" ဟုနည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက ပြောကြားသည်။
လက်ရှိတွင် အူရီဒူးသုံးစွဲသူ ဦးရေမှာ ၆ ဒသမ ၉ သန်း ရှိနေကြောင်း သိရသည်။ ၂၀၁၆ ခုနှစ် မတ်လကုန်အထိ အူရီဒူးအနေဖြင့် မြန်မာနိုင်ငံ လူဦးရေ၏ ၈၂ ရာခိုင်နှုန်း နီးပါးအား ကွန်ရက်လွှမ်းခြုံနိုင်ခဲ့ပြီး တာဝါတိုင်ပေါင်း ၃၈၀၀ ဖြင့် ၀န်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။
အူရီဒူးမြန်မာက ၂၀၁၆ ခုနှစ် ပထမသုံးလအတွင်း ဒေါ်လာ ၉၁ ဒသမ ၇ သန်း ၀င်ငွေရရှိခဲ့ပြီး ၂၀၁၅ ပထမ သုံးလအတွင်း ၀င်ငွေနှင့် နှိုင်းယှဉ်ပါက ၄၂ ရာခိုင်နှုန်း တို တက်လာကြောင်း မေ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 
လက်ရှိတွင် တယ်လီနော သုံးစွဲသူ အရေအတွက်မှာ ၁၅ ဒသမ ၅ သန်းကျော်ရှိပြီး တာဝါတိုင်ပေါင်း ၅၀၀၀ ကျော်ရှိကြောင်း သိရသည်။ တယ်လီနောက ၂၀၁၆ ပထမသုံးလပတ် ၀င်ငွေစာရင်းကို ထုတ်ပြန်ခဲ့ရာတွင် ဒေါ်လာ ၂၁၂ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။၂၀၁၅ ခုနှစ် ပထမသုံးလပတ်က တယ်လီနော၏ ၀င်ငွေမှာ ဒေါ်လာ ၉၅ သန်းခန့်ရှိပြီး ယခုနှစ်တွင် ၁၂၄ ဒသမ ၄ ရာခိုင် နှုန်းအထိ တိုးတက်များပြား လာခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှာမူ သုံးစွဲသူပေါင်း သန်း ၂၀ ရှိနေပြီး တာဝါတိုင်ပေါင်း ၅၀၀၀ ကျော် တည်ဆောက်ထားကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကမူ ၎င်းတို့၏ ၀င်ငွေအခြေအနေကို ထုတ်ပြန်ကြေညာခြင်း မရှိဘဲ ထုတ်ပြန်ရန် အစီအစဉ် မရှိကြောင်းလည်း စုံစမ်းသိရသည်။
လက်ရှိတွင် ဆက်သွယ်ရေး အော်ပရေတာများ အနေဖြင့် တာဝါတိုင် လုံလောက်စွာ တည်ဆောက်ပြီးစီးခြင်း မရှိသေးဘဲ ဆက်လက်လုပ်ဆောင် နေရဆဲ ကာလဖြစ်ကြောင်း သိရသည်။ ထို့ပြင် တပ်ဆင်ထားသော စက်ပစ္စည်း အရေအတွက်နှင့် သုံးစွဲသူအရေအတွက် လုံလောက်မျှတခြင်း မရှိပါက ဆက်သွယ်မှုလိုင်းများ အဆင်မပြေမှု ကြုံတွေ့နိုင်ကြောင်း သိရသည်။
ဆက်သွယ်ရေး အော်ပရေတာ များကလည်း မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်ရာ၌ အခက်အခဲများစွာ ကြုံတွေ့ခဲ့ကြရကြောင်း၊ ရာသီဥတု ဘေးဒဏ်များကြောင့် မိုးရာသီကာလတွင် အလွန်နှောင့်နှေး ကြန့်ကြာကြောင်း၊ ထင်မှတ်မထားသော အခက်အခဲ အတားအဆီးများနှင့်လည်း ရင်ဆိုင်ကြုံတွေ့ရကြောင်း ထုတ်ဖော်ပြောကြား ခဲ့ကြသည်။
ထို့ပြင် လက်ရှိအချိန်အထိ တယ်လီနောနှင့် အူရီဒူးတို့ အနေဖြင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ကွန်ရက်ဝန်ဆောင်မှုများ စတင်ခြင်းကို တရားဝင် မိတ်ဆက်ကြေညာခြင်း မရှိသေးကြောင်း သိရသည်။
ဆက်သွယ်ရေး အော်ပရေတာ သုံးခု အပြိုင်အဆိုင် ၀န်ဆောင်မှုပေးခြင်းမှာ တစ်နှစ်ခွဲကျော် ကြာမြင့်လာသည့်တိုင်အောင် ၀န်ဆောင်မှု အရည်အသွေးမှာ အားရကျေနပ်ဖွယ်ရာ မရှိသေးကြောင်း သုံးစွဲသူများနှင့် ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment