24.5.16

ရန်ကုန် မြို့တွင်း ခရီသည်တင်ယာဉ်လိုင်း ၃၀၀ ကျော် ဖျက်သိမ်းမည်

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသည့် မထသ (ဗဟို) ကော်မတီအောက်ရှိ ခရီးသည်ယာဉ်လိုင်း ၃၅၇ လိုင်းအနက် ယာဉ်လိုင်း ၃၀၀ ကျော်ကို ဖျက်သိမ်း၍ ယာဉ်လိုင်း ၅ဝ သာ ထားရှိမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့ကြောင်း အမှတ် ၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး ဒုရဲမှူးအောင်ကိုဦးက ပြောကြားသည်။

ရန်ကုန်တိုင်းအစိုးရ အဖွဲ့ရုံးတွင် မေလ ၂၂ ရက်က ပိုမိုကောင်းမွန်သော ယာဉ်သွားလာမှုစနစ် အလုပ်ရုံ ဆွေးနွေးပွဲတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပွဲသို့ တိုင်းအစိုးရအဖွဲ့၊ မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု (ဗဟို) ကော်မတီ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ယာဉ်ပိုင်ရှင်များ တက်ရောက်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။
“မထသကို ယာဉ်လိုင်း ၅ဝ ပဲ ထားရှိဖို့ အစိုးရအဖွဲ့က ညွှန်ကြားချက် ပေးလိုက်ပြီ။ ဒါစနစ်သစ်ကို ပြောင်းလဲတာ ဖြစ်တယ်။ လျှော့ချမှုမှာ နစ်နာမှုလည်း မရှိအောင် စနစ်လည်း အောင်မြင်အောင် ဆောင်ရွက်ရမှာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။
ခရီးသည်တင် ယာဉ်လိုင်းများကို အောက်ခြေတွင် လုပ်ဆောင်နေသည့် မထသ (ဗဟို) ကော်မတီအနေဖြင့် လက်ရှိ ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်လိုင်း ၃ဝဝ ကျော်ကို လျှော့ချရာတွင် လိုအပ်ချက်၊ လုပ်ဆောင်ချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များကို တိုင်းအစိုးရအဖွဲ့သို့ တင်ပြရမည်ဖြစ်ပြီး ယင်းတင်ပြချက်များအပေါ် အစိုးရအဖွဲ့က ဆက်လက်ပြီး လုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းအလုပ်ရုံ ဆွေးနွေပွဲကို တက်ရောက်ခဲ့သည့် ဒုရဲမှူးအောင်ကိုဦးက ပြောကြားသည်။
“မထသက ဆောင်ရွက်ရမယ့် အချက်တွေကို ပြည့်စုံအောင် လုပ်ဆောင်ပေးမှ တိုင်းအစိုးရက ရှေ့ဆက် လုပ်ဆောင်လို့ရမယ်။ လမ်းကြောင်းနဲ့ ယာဉ်အရေအတွက်ကို ကြည့်ပြီး ဆောင်ရွက်ရင် ဖြစ်နိုင်ပါတယ်”ဟု ၎င်းက ဆိုသည်။
ကျန်ရှိမည့် ခရီးသည်တင် ယာဉ်လိုင်းများသည် ယာဉ်စီးခ ပေးဆောင်ခြင်းကို လက်မှတ်စနစ်ဖြင့် ပြန်လည်လုပ် ဆောင်မည်ဖြစ်ပြီး အများပိုင် ဘတ်စ်ကားလိုင်း ပြုလုပ်လျှင် BRT ယာဉ်လိုင်းကို ခွင့်ပြုပေးသည့်အတိုင်း CNG ၆ဝဝ လီတာပေးရန်၊ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ညီညွတ်မည့် ပို့ဆောင်ရေးဥပဒေ ရေးဆွဲရန် အဆိုပါ ပွဲသို့ တက် ရောက်လာသည့် တာဝန်ရှိသူများက တောင်းဆိုခဲ့ကြောင်း၊ ယာဉ်လိုင်ပိုင်ရှင်များကလည်း ၎င်းတို့၏ အခက်အခဲကို တင်ပြ ဆွေးနွေးခဲ့ကြောင်း ဒုရဲမှူးအောင်ကိုဦးက ပြောကြားသည်။
ခရီးသည်တင် ယာဉ်လိုင်း ၅ဝ သာ ထားရှိခြင်းသည် ယာဉ်လိုင်းကိုသာ လျှော့ချခြင်းဖြစ်ပြီး ယာဉ်စီးရေ လျော့ကျသွားမည် မဟုတ်ကြောင်း၊ ယာဉ်လမ်းကြောင်းတူရာကိုစုကာ ညှိနှိုင်းလုပ်ဆောင်ရမည်ဖြစ်၍ ယာဉ်ပိုင်ရှင်များနှင့် ခရီးသည်များအနေဖြင့် အခက်အခဲများ မရှိနိုင်ကြောင်း ပါရမီ ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးမြင့်ကြည်က ပြောကြားသည်။
“ယာဉ်လိုင်းပြေးဆွဲမှုက အရင်အတိုင်းပဲ ရှိနိုင်လို့ ခရီးသည်တွေအတွက် စိုးရိမ်စရာ မရှိဘူး။ ယာဉ်လိုင်းနည်းသွားတဲ့အတွက် ကြီးကြပ်ရတာ ပိုကောင်းပြီး အပြိုင်အဆိုင်တွေ၊ အလုအယက်တွေ ကင်းသွားနိုင်မယ်လို့ ယူဆပါတယ်”ဟု ၎င်းက ဆိုသည်။
ယာဉ်လိုင်း တစ်လိုင်းစီတွင် ရှိနေသည့်ယာဉ်စီရေနှင့် ခရီးသည်တင်ပြေးဆွဲသည့် လမ်းကြောင်းအပေါ် မူတည်ပြီး အချိုးကျ ဆောင်ရွက်မည်ဖြစ်ပြီး ခရီးသည် စီးနင်းမှုများသည့်လမ်းကြောင်းကို ယာဉ်စီးရေ ပိုချထားမည်ဖြစ်ကြောင်း၊ ဝန်ဆောင်မှုကိုဦးတည်ပြီး စီးပွားရေးစနစ်သို့ သွားသင့်ကြောင်း ဒုရဲမှူးအောင်ကိုဦးက သုံးသပ် ပြောကြားသည်။
သို့ရာတွင် “ယာဉ်လိုင်း ၃ဝဝ ကို လျှော့ချပြီး ၅ဝ ပဲ ထားတော့မယ်ဆိုတာ မဟုတ်ပါဘူး။ ဝန်ကြီးချုပ်က ယာဉ်လိုင်းတွေ၊ နံပါတ်တွေများနေတာတွေကို ကျစ်ကျစ်လျစ်လျစ် လုပ်ရင် ယာဉ်လိုင်း ၅ဝ နဲ့ပြေးဆွဲရင် လုံလောက်နိုင်ပါတယ်လို့ သုံးသပ်ချက်ပြောတာပါ။ တကယ် လျှော့ချခိုင်းလိုက်တာ မဟုတ်ပါဘူး”ဟု မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီ ဥက္ကဋ္ဌ ဦးလှအောင်က ဆိုသည်။
အစိုးရအဖွဲ့အနေဖြင့် ဦးစားပေးလုပ်ဆောင်ရမည့် အချက် နှစ်ချက်ကိုချပြပြီး ရန်ကုန်တိုင်းအတွင်း ယာဉ်ကြောကျပ်တည်းမှု ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး၊ ပိုမိုကောင်းမွန်သော သယ်ယူပို့ဆောင်ရေးစနစ် ဆောင်ရွက်နိုင်ရေးတို့ကို လုပ်ဆောင်မည်ဖြစ်ကြောင်း၊ နည်းပညာရှင်များ၊ အတက်ပညာရှင်များက ဆွေးနွေးလျက်ရှိကာ ယာဉ်ပိုင်ရှင်များနှင့် မထသ (ဗဟို) ကော်မတီတို့၏ ရှေ့အနာဂတ်အတွက် လုပ်ဆောင်ချက်များကို အသိပေး လုပ်ဆောင်နေကြောင်း အလုပ်ရုံ ဆွေးနွေးပွဲတွင် ဆောင်ရွက်မည့်အချက်ကို ၎င်းက ပြောကြားသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment