24.5.16

ရန်ကုန်တွင် ညဈေးတန်း ဖွင့်လှစ်ရန် စီစဉ်နေ

ရန်ကုန်တွင်  ညဈေးတန်း ဖွင့်လှစ်ရန်  စီစဉ်နေ
ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းဘေးဈေးသည်များအတွက် ရန်ကုန်ညဈေးတန်းကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရသည်။ ရန်ကုန်ညဈေးတန်းကို ထိုင်းနိုင်ငံ တွင်ဆောင်ရွက်နေသည့်အတိုင်း ဆောင်ရွက် နိုင်ရန်အတွက် မေ ၂၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ထိုင်းနိုင်ငံသံအမတ်ကြီးတို့တွေ့ဆုံခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ''ရန်ကုန်မှာ ညဈေးတစ်ခုကို အကောင်အထည်ဖော်ဖို့တော့စီစဉ်နေပါတယ်။ ဒါပေမဲ့ ဘယ်တော့ လောက်အကောင်အထည်ဖော်ဖို့ဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူး။ အခု စီစဉ်နေတာက မြို့တွင်းမှာရှိတဲ့လမ်းတွေ ဥပမာ-လသာလမ်း၊ မဂိုလမ်း(ရွှေဘုံသာလမ်း)၊ ပန်းဆိုးတန်းလမ်းတွေကို ည ၈ နာရီကနေ ၁၁ နာရီအထိ လမ်းကိုပိတ်ပြီး ညဈေးအဖြစ် အကောင် အထည်ဖော်ဖို့တော့ စီစဉ်နေပါတယ်''ဟုပြောသည်။


ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ထိုင်းနိုင်ငံသံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ရန်ကုန်ညဈေးတန်းများ စနစ်တကျရောင်းချနိုင်ရန် ညဈေးတန်းတွင် ရောင်းချလျက်ရှိသော အစားအစာများ ကျန်း မာရေးနှင့် ညီညွတ်စေရန်၊ ဈေးဆိုင်များ သပ်ရပ်မှုရှိစေရန်၊ လျှစ်စစ်မီး၊ ရေ၊ နေရာရရှိစေရန်နှင့် ထွက်ရှိလာသောအမှိုက်များကို စနစ်တကျသိမ်းဆည်းရန်တို့အပါအဝင် ရန်ကုန်မြို့ကို လာ ရောက်လည်ပတ် သည့် နိုင်ငံတကာ ခရီးသွားဧည့်သည်များ သန့်ရှင်း သပ်ရပ်သော ရန်ကုန်ညဈေးကို စိတ်ဝင်တစားလည်ပတ်ရန်စသည့် အချက်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံခဲ့သည့်လုပ်ငန်းရှင်တစ်ဦးက''ရန်ကုန် မြို့မှာ လမ်းဘေးဈေးသည်တွေအတွက် ရန်ကုန်ညဈေးကို ဖော်ဆောင်မယ်။ အဲဒီလိုလုပ်တဲ့နေရာမှာ လမ်းတချို့ကိုပိတ်ပြီး ညဈေးစီစဉ်ပေး မယ်။ နောက်တစ်ခုကတော့ ကားလမ်းတွေပေါ်မှာ ရောင်းချနေတဲ့လမ်း ဘေးဈေးသည်တွေကိုလည်း ကြပ်မတ်သွားမယ်လို့ပြောတယ်''ဟုပြောသည်။ ရန်ကုန်မြို့တွင်း လမ်းဘေးဈေး သည်များအတွက် ညဈေးတန်းကို နေရာသတ်မှတ်ပေးထားခြင်း မရှိဘဲ လမ်းမများပေါ်တွင် ရောင်းချခြင်း များကြောင့် ယာဉ်ကြောကျပ်တည်း မှုများဖြစ်ပေါ်လျက်ရှိသည်။


ယင်းနှင့်ပတ်သက်ပြီး ဆူးလေခုံးကျော်တံတားအနီးတွင် သစ်သီး ရောင်းချနေသည့် ဦးသန်းဝင်းက ''ဈေးရောင်းရမယ်ဆိုရင်လဲ အခုလက်ရှိနေရာလေးမှာပဲ ရောင်းချင်တယ်။လူသွားလူလာအသွားများတဲ့နေရာ မှာ ရောင်းမှ ဈေးကရောင်းရတယ်။ ဈေးဝယ်တဲ့သူတွေဆိုတာကလဲ ဈေးသည်ကို ခလုတ်တိုက်မှ ဈေးဝယ်ကြ တာ။ နေရာရွှေ့ပေးမယ်ဆိုရင် လာဝယ်တဲ့သူလဲ အခက်အခဲဖြစ်မယ်။ အခုလက်ရှိရောင်းနေရတဲ့ အရောင်းအဝယ်လေးလဲ ပျက်သွားမှာစိုးရိမ်တယ်။ အခုဘာကြေးညာကြေးမှ မပေးရဘူး။ အခု ညနေ ၃နာရီ နောက် ပိုင်းကနေ ည ၈ နာရီအထိကို ရောင်းချခွင့်ပေးထားတယ်''ဟု မေ ၂၃ ရက်က ပြောသည်။ ရန်ကုန်မြို့မှာ ညဈေးကို နေ ရာသတ်သတ်မှတ်မှတ်စီစဉ်ပေးလိုက် ပါက ခရီးသွားလုပ်ငန်းများအတွက် လည်း အဆင်ပြေလာနိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်အသိုင်းအဝိုင်း ကဆိုသည်။


ခရီးသွားလုပ်ငန်းတစ်ခုဖြစ်သည့် Union of Myanmar Travel Association မှ Chairman ဒေါက်တာအောင်မြတ်ကျော်က ''မြို့အင်္ဂါရပ်နဲ့ညီပြီး လူနေမှုအဆင့် အတန်းမြင့်တက်လာတဲ့ မြို့တွေ တော်တော် များများမှာ ညနေဟိုကြည့် ဒီကြည့်၊ ဈေးဝယ်လို့ရတဲ့နေရာတွေကို မြို့လယ်လမ်း ကားတောင်ဝင်လို့မရဘူး။ အဲဒီနေရာမှာ နေတဲ့လူရဲ့ ကားသာဝင်လို့ရမယ်။ အနီးအနားပတ်ဝန်းကျင်က လူတွေရဲ့ကားတွေ ဝင်လို့ မရဘူး။ လမ်းလျှောက်ပြီးဝင် ကြရတယ်။ အဲဒီလိုမြို့သူမြို့သားတွေ လမ်းလျှောက်ထွက်တဲ့နေရာလေး တွေမြို့တွေမှာ ရှိကြတယ်။ အဲဒီလို နေရာမျိုးဖြစ်အောင် ရန်ကုန်မြို့မှာ စီစဉ်ပေးမယ်ဆိုတော့ အင်မတန် ဝမ်းသာ မိပါတယ်။ ရန်ကုန်မြို့မှာ ကားတွေကြားထဲ မွန်းကျပ်နေပြီး လျှောက်စရာမရှိတဲ့ နေရာအစားဒီ လိုလှပတဲ့မြို့လယ်၊ အထင်ကရရှိ တဲ့နေရာ၊ အမွေအနှစ်တွေရှိတဲ့နေ ရာတွေမှာ ဒီလိုမျိုးဖြစ်စေချင်တာ ကြာပါပြီ။ ဒါက မြို့နေပြည်သူတွေအတွက် အဓိကဖြစ်သလို ခရီးသွားကဏ္ဍအတွက် ပိုမိုအဆင်ပြေလာ နိုင်တယ်။ အခုက ရန်ကုန်မြို့မှာ နှစ်ည၊ သုံးညနေမယ့် နိုင်ငံခြားသားခရီးသည်တွေက သွားလာရခက်တာ နေ စရာအနေ အထားတွေကြောင့် တစ်ညလောက်နဲ့ ပြန်သွားတာရှိတယ်။ အခုလိုနေရာမျိုးတွေ ဖော်ဆောင် ပေးရင်တော့ ရန်ကုန်ကိုလာရောက် လည်ပတ်သူတွေ နှစ်ည၊ သုံးညလည် ပတ်တဲ့နေရာမှာ တစ်ညလောက်ပိုပြီး လည်ပတ်နိုင်တဲ့ အနေအထားဖြစ်လို့ အကျိုးအမြတ်ပိုရှိနိုင်ပါတယ်။ ဒီလိုနေရာမျိုးတွေက ဖြစ်သင့်တာကြာပြီ။ ဒီလိုမျိုးဖော်ဆောင်လိုက်တဲ့အတွက် ဈေးရောင်းသူတွေ ဈေးဆိုင် တွေလည်း စနစ်တကျရောင်းချလာ နိုင် မယ်။ ကားတွေလည်း စနစ်တကျ မောင်းလာနိုင်သလို လမ်းလျှောက် သူတွေအတွက်လည်း အဆင်ပြေ လာနိုင်ပါတယ်။ ဒါပေမယ့် တချို့ သောသူတွေကတော့အဆင်မပြေမှု တွေဖြစ်လာနိုင်တယ်။ ဒါကိုသေချာစနစ် တကျစီမံခန့်ခွဲမှုရှိဖို့ လိုပါတယ်'' ဟုပြောသည်။


အာဆီယံဒေသတွင်း နိုင်ငံများတွင် ညဈေးတန်းတွေကို အဆင့် မြင့်ကုန်တိုက်ကြီးများ၏ ဘေးတစ်ဘက်တစ်ချက်စီတွင် စနစ်တကျရောင်းချခွင့်ပြုထားကြောင်း သိရသည်။ စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက် ရှိသော မသိမ့်သိမ့်လွင် က''စင်ကာပူနိုင်ငံမှာက ညဘက်ဆို ၁၁ နာရီလောက်အထိ ရောင်းတဲ့ ဈေးဆိုင်တန်းတွေရှိတယ်။ ၂၄ နာရီ ဖွင့်လှစ်ထားတဲ့ကုန်တိုက်တွေ၊ ဈေးဝယ်စင်တာတွေရှိတဲ့အတွက် ညဘက် မှပြန်တဲ့အလုပ်သမားတွေ၊ အလည်အပတ်လျှောက်လည်ချင်တဲ့သူတွေ အတွက် အရမ်းကိုအဆင်ပြေပါတယ်။ ညဘက်ဈေးတန်းတွေမှာ နိုင်ငံခြား သားတွေလည်း အများအပြားလာ ရောက်လည်ပတ်တာတွေအများကြီး ပါ''လို့ ပြောပါတယ်။ အလားတူ ထိုင်းနိုင်ငံတွင်သွား ရောက်အလုပ်လုပ်ကိုင်နေသူကိုနိုင် ဝင်းက''ထိုင်းနိုင်ငံမှာက ညဘက်က နေမိုးလင်းပေါက်ထိရောင်းတဲ့ ည ဈေးရှိပါတယ်။ ညဈေးမှာဆိုထိုင်းရိုး ရာအစားအစာတွေ၊ အဝတ်အထည်ဆိုင်တွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေ ရောင်းချတဲ့ဆိုင်တွေက ကားလေး တွေနဲ့ လာရောင်းကြတာများပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာက မြို့လယ်ကောင် ပလက်ဖောင်းပေါ်တွေ မှာရောင်းတဲ့ဈေး သည်တွေကလုံးဝမရှိပါဘူး။ သတ်မှတ်ထားတဲ့ဈေးနေ ရာတွေမှာတော့ ရောင်းချပါတယ်''ဟုပြောသည်။



Credit To >>> Democracy Today

0 comments:

Post a Comment