19.5.16

တပ်မတော်နှင့် SSPP/SSA တို့တိုက်ပွဲကြောင့် သီပေါမြို့နယ် နမ္မကျေးရွာအနီးမှ ရွာသားများ ထွက်ပြေးနေရ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်နှင့် သီပေါမြို့နယ်အစပ် သီပေါမြို့နယ်အတွင်းရှိ နမ္မကျေးရွာအနီးတွင် တပ်မတော်နှင့် SSPP/SSA တို့သည် မေ ၁၈ ရက်နံနက် ၈ နာရီခန့်က တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် နမ္မရွာအနီးဝန်းကျင် ကျေးရွာများမှ ရွာသားများ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် လေးမိုင်ခန့်သာ ကွာဝေးသည့် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာရှိ တိုက်နယ်ဆေးရုံကိုလည်း မေ ၁၈ရက်နံနက်ပိုင်းတွင် ပိတ်ထားလိုက်ရပြီး ကျန်းမာရေး ၀န်ထမ်းများလည်း စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ မြို့ပေါ်ဖြစ်သော မိုင် ၃၀ ဝေးသည့် သီပေါနှင့် ၂၅ မိုင်ဝေးသော လားရှိုးမြို့များသို့ ၀န်ထမ်းများ တက်ရောက်ပြေးလာကြကြောင်း၊ ကျေးရွာဒေသခံများက ရေရှည်ဖြစ်သော စစ်ပွဲမဟုတ်သဖြင့် အနီးအနား ကျေးရွာများတွင်သာ လှည့်လည်စစ်ဘေးရှောင်နေကြကြောင်း သိရသည်။
“နောင်ပိန်တို့ ကျောက်မဲတို့မှာလို ပြည်ထောင်စု လမ်းမကြီးပေါ်မှာ ဖြစ်တာမဟုတ်လို့ လမ်းပိတ်ဆို့မှုတော့ မဖြစ်ဘူးပေါ့လေ။ နမ္မဆိုတဲ့ တောရွာလေးမှာ ဖြစ်တာဆိုတော့ လားရှိုးကနေ ၂၅ မိုင်လောက်ကို ဝေးသေးတယ်။ သီပေါနဲ့ မိုင် ၃၀ လောက်ဝေးတယ်ဆိုတော့ မြို့ပေါ်မှာ ဒုက္ခသည်စခန်းတွေဘာတွေ ဖွင့်တာတော့ မရှိပါဘူး။ နမ့်ပေါင်ကျေးရွာမှာ တိုက်နယ်ဆေးရုံတော့ ပိတ်လိုက်ရတယ်။ နမ္မကျေးရွာ အနီးအနားက ရွာတွေက မနေရဲကြတော့ဘဲ နီးစပ်ရာတွေကို ထွက်ပြေးကုန်ကြတယ်” ဟု လားရှိုးဒေသခံ ကိုနေမျိုးက ပြောကြားသည်။
နမ့်ပေါင် တိုက်နယ်ဆေးရုံသည် လားရှိုးမြို့နယ်ထဲတွင် ပါသဖြင့် လားရှိုးကျန်းမာရေးဌာနကို အကြောင်းကြားပြီး တိုက်နယ်ဆေးရုံကို ပိတ်ထားလိုက်ကြကြောင်း၊ ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများအားလုံး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။
မေ ၁၈ ရက်ညနေ ၅ နာရီတွင်ရရှိသော သတင်းများအရ လားရှိုးမြို့ မာန်ဆူရှမ်းကျောင်းတွင် ထွက်ပြေး တိမ်းရှောင်လာသူ လက်ရှိ ၃၄ ဦးရောက်ရှိကြောင်း၊ သီပေါမြို့သို့လည်း ရောက်ရှိနိုင်ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လက်နက်ကိုင် တပ်ဖွဲ့များအချင်းချင်းနှင့် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် မြို့နယ်လေးခုတွင် ဒုက္ခသည်စခန်း ၁၄ ခုဖွင့်ထားရပြီး ဒုက္ခသည်ပေါင်း ၃၀၀၀ ကျော် စစ်ဘေးရှောင်နေကြကြောင်း၊ အခြားလူမရောက် သူမပေါက်သော ဒုက္ခသည်စခန်းများလည်း ရှိနေပြီး စစ်ဘေးရှောင်များအတွက် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း သတင်းရရှိသည်။

Credit To >>>> Eleven Media Group

0 comments:

Post a Comment