19.5.16

ရန်ကုန်မြို့တော် စည်ပင်ကော်မတီ ရွေးကောက်ပွဲ အတွက် ရွေးကောက်ပွဲကော်မရှင်ကို အမြန်ဆုံး ဖွဲ့စည်းကာ ရွေးကောက်ပွဲ ပြန်လည် ပြုလုပ်မည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ပြောကြား

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင်ကို အမြန်ဆုံး ဖွဲ့စည်းကာ ရွေးကောက်ပွဲကို ပြန်လည်ပြုလုပ်မည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မေ ၁၈ ရက်က သတင်းမီဒီယာအချို့နှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၆) ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးမောင်မောင်စိုးက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲ နည်းဥပဒေကို ပြင်ဆင်သည့် နည်းဥပဒေအား မေ ၁၆ ရက်စွဲဖြင့် လက်မှတ်ရေးထိုး၍ မြို့တော်သတင်းမှ တစ်ဆင့်ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲ ထပ်မံမပြုလုပ်မီ နည်းဥပဒေကို ပြင်ဆင်ထုတ်ပြန်ပြီး လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်၊ ခရိုင် (သို့မဟုတ်)မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များကို ထုတ်ပယ်သကဲ့သို့ ဖြစ်နေသဖြင့် ၎င်းတို့က မေ ၁၇ ရက် တွင် သတင်းစာ ရှင်းလင်းခဲ့သည်။
ထိုသို့ ရှင်းလင်းရာတွင် ရန်ကုန်မြို့တော်ဝန်သည် ကော်မတီအစည်းအဝေး ကျင်းပခြင်းမရှိဘဲ မိမိတစ်ဦးတည်း သဘောဆန္ဒဖြင့် ရန်ကုန်တိုင်းဒေကြီး အစိုးရအဖွဲ့ထံ တင်ပြ၍ အထက်ပါကဲ့သို့ နည်းဥပဒေကို ပြင်ဆင်ချက် ထုတ်ပြန်ခြင်းသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် ပြဋ္ဌာန်းချက်များကို ဥက္ကဋ္ဌတစ်ဦးတည်း ဆောင်ရွက်ပိုင်ခွင့်မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ လိပ်မူ၍ ပေးပို့ခဲ့သည့် စာအရ သိရသည်။
သို့ဖြစ်ရာ ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ဝန်အား မေးမြန်းရာတွင် “ဥပဒေကြောင်းအရ ကြည့်ရင် နည်းဥပဒေဟာ မူရင်းဥပဒေကြီးကို လွှမ်းမိုးမှုမရှိရဘူး။ ဥပဒေအရသာ နည်းဥပဒေက ဆောင်ရွက်ရတယ်။ တစ်နည်းအားဖြင့် ဥပဒေက မဏ္ဍိုင်ပဲ။ ဆရာတို့က ဥပဒေကို လေးစားလိုက်နာတယ်။ ဒီဥပဒေနဲ့ လိုက်လျောညီထွေတဲ့ နည်းဥပဒေ ဆွဲရတယ်။ အဲဒီမှာ တစ်ခုသွားတွေ့တယ်။ ဘာလဲဆိုတော့ ၁၉၆၄ နဲ့ ၁၉၈၃ ဥပဒေ။ ၁၉၆၄ မှာ စည်ပင်ကော်မတီဝင်ရဲ့ သက်တမ်း က အစိုးရသက်တမ်းနဲ့ တစ်ပြေးညီ။ အတူတူပဲ ဖြစ်ရမယ်ဆိုပြီးတော့ အဲဒါတွေသည် ဥပဒေ။ ဒီ ဥပဒေဖြစ်တဲ့အတွက်ကြောင့် အစိုးရသက်တမ်း ကုန်ရင် ငါတို့လည်း ဒီအစိုးရသက်တမ်း ကုန်ရင် အော်တိုမစ်တစ် ထွက်။ နည်းဥပဒေမှာ ဘာလဲဆိုတော့ နောက်ရွေးကောက်ပွဲ မတိုင်မီအထိ လုပ်ဆောင်ခွင့် ရှိတယ်ဆိုတော့ အဲဒါ ဘာဖြစ်သွားသလဲဆိုတော့ ပထမ ဥပဒေကြီးကို လွန်သွားပြီ။ အဲဒါကို ဆရာတို့ မတိုင်ခင်ကတည်းက တင်ပြပါတယ်။ ဆရာ သဘောနဲ့လည်း လုပ်လို့မရဘူး။ ဥပဒေပညာရှင် မဟုတ်ဘူးလေ။ သို့သော်လည်း နည်းဥပဒေနဲ့ ဥပဒေကို လေ့လာရမယ်။ နားလည်အောင် လုပ်ရမယ်။ ဒါတော့ မကိုက်ဘူး။ မကိုက်တဲ့အတွက် ဒါကိုတော့ ပြင်ဆင်ပေးပါဆိုပြီးတော့ စာတင်တယ်။ ဒါကိုသက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆုံးဖြတ်တယ်။ ပြီးတော့ ပြင်လိုက်တာပါ”ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားသည်။
“နောက်ပြီးတော့ ၁၉၈၄ ဥပဒေမှာလည်း ကော်မတီဝင်တွေက ပါတီဝင် မဖြစ်ရဘူးလို့ ပါတယ်။ လူတိုင်းက ဒီခေတ်စနစ်နဲ့ ဆိုရင် ဘယ်ပါတီနဲ့မှ မကင်းဘူးလေ။ လူတိုင်းက ကိုယ်ကြိုက်တဲ့ ပါတီ ကိုယ်ဝင်ကြမှာပဲလေ။
ဒါကြီးက ခေတ်စနစ်နဲ့ မညီတော့ ဒါကြီးကျတော့ ဖြုတ်ပစ်လိုက်တယ်။ ဒါမှလည်းခေတ်နဲ့ စနစ်နဲ့ ဒီမိုကရေစီ ကိုက်မှာလေ။ နို့မို့ဆို ပါတီဝင်ဆို ဘာမှမလုပ်ရတော့ဘူးပြီး ငုတ်တုတ်ပဲ ထိုင်ရတော့မလို ဖြစ်နေတယ်။ ဒါကြောင့် ၁၉၆၃ နဲ့ ၁၉၈၄ စည်ပင်ဥပဒေက အဲဒီဟာလေးကိုပဲ ဆရာပြင်တာ။ လူတွေနဲ့လည်း ဘာမှလည်း အမုန်းမရှိဘူး။ အလုပ်လုပ်တဲ့နေရာမှာ ချစ်ခြင်းမုန်းခြင်းဆိုတာ ငွေပေးငွေယူမှ အဂတိလိုက်စားတာ မဟုတ်ဘူး။ လူပုဂ္ဂိုလ်အရ ချစ်ခြင်းမုန်းခြင်း ပါလာရင်လည်း ဒါအဂတိပဲ။ ဆရာတို့သည် ဥပဒေနဲ့ နည်းဥပဒေ ဒီစာပဲ ထုတ်တာ။ ဒီစာကလည်း ဆရာထုတ်တာ မဟုတ်ဘူး။ ဆရာအမိန့်အရတောင် မသုံးဘူး။ ပုံဆိုပြီးတော့ ထုတ်တယ်။ နောက်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘောတူညီချက်အရလို့ ပါတာပဲ”ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကပြော ကြားသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment