19.5.16

မိတ္ထီလာတွင် သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေ ကျပ်သန်းပေါင်းလေးထောင်ကျော် စတင်ထုတ်ချေး

မိတ္ထီလာမြို့နယ်တွင် ကျေးရွာအုပ်စု ၅၄ အုပ်စု ကျေးရွာပေါင်း ၃ဝဝ ကျော် အတွက် ၂ဝ၁၆ ခုနှစ် သီးနှံထုတ်လုပ်မှုဘဏ်ချေးငွေကျပ် သန်းပေါင်း ၄၂၈၃ သန်းကို ထုတ်ချေးရန်လျာထားပြီး မေ ၁၇ ရက် နံနက် ၁ဝ နာရီမှစတင်ကာ ထုတ်ချေးပေးလျက်ရှိပြီး မေ၊ ဇွန်၊ ဇူလိုင် သုံးလအတွင်း ပြီးစီးအောင် ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

''ဒီနေ့အတွက် ကျေးရွာဘဏ်နှစ်ခုဖြစ်တဲ့ သီးကုန်းကျေးရွာမှ တောင်သူ ၅၈ ဦး ၊ စပါးဧက ၁၃၃ ဧက ၊ နှမ်း ၁၅ ဧက အတွက် ဘဏ်ချေးငွေကျပ် သိန်း ၂ဝ၂.၅ဝ နဲ့ မကျီးကုန်းကျေးရွာမှ တောင်သူ ၁၂ ဦး၊ စပါး ၃၇ ဧက၊ နှမ်း ခုနစ်ဧကအတွက် ဘဏ်ချေးငွေ ကျပ်သိန်း ၅၆ ဒသမ ၉ဝ စတင်ထုတ်ချေး ပေးတာပါ''ဟု မြို့နယ်မန်နေဂျာ ဦးဝင်းဇော်က ပြောသည်။
မိတ္ထီလာတွင် ကျေးရွာအုပ်စုတစ်စုအား ကျေးရွာဘဏ်တစ်ခုအဖြစ် သတ်မှတ်ပြီး အုပ်စုအတွင်းပါဝင်သည့်ကျေးရွာများကို အစုအဖွဲ့အလိုက် ဘဏ်ချေးငွေများ ထုတ်ချေးခြင်းဖြစ်သည်။
ယခင်က စပါးတစ်ဧက ငွေကျပ်တစ်သိန်းသာ ထုတ်ချေးခဲ့ပြီး ယခုနှစ် မှစတင်၍ စပါးတစ်ဧက ငွေကျပ် တစ်သိန်းခွဲနှုန်းထုတ်ချေးခြင်းဖြစ်ပြီး နှမ်းနှင့် အခြားသီးနှံများအတွက် မူလအတိုင်း တစ်ဧက ငွေကျပ် နှစ်သောင်းနှုန်းဖြင့် သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေ ထုတ်ချေးခြင်းဖြစ်သည်။
၂ဝ၁၅ ခုနှစ်က မိတ္ထီလာတွင် ကျေးရွာဘဏ် ၅၄ ခုအတွက် သီးနှံထုတ် လုပ်မှု ဘဏ်ချေးငွေစုစုပေါင်း ငွေကျပ်သန်းပေါင်း ၂၈၆၂ ဒသမ ၁၈ဝ သန်း ထုတ်ချေးခဲ့ကြောင်း သိရသည်။
Credit To >>>  The Mirror Daily

0 comments:

Post a Comment