19.5.16

လုံခြုံ တည်ငြိမ်မှု ၊ အိမ်နီးချင်းများ အပါဝင်တိုင်းရင်းသားများနှင့် ဆက်ဆံရေး ကောင်းမွန်ရန် ၊ တိုင်းရင်းသားဒေဖွံ့ဖြိုးရေး တပြိုင်နက်တည်းလုပ်ဆောင်ရမည်ဟု တပ်ချုပ် ပြောကြား


မိမိနိုင်ငံအတွက် စိန်ခေါ်မှုများစွာရှိကြောင်း၊ ယင်းစိန်ခေါ်မှုများမှာလည်း အကုန်လုံးဆက်စပ်နေကြောင်း၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး တို့သည် မရှိမဖြစ်လိုအပ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်စေရေး တိုင်းရင်းသားများ၏ ယုံကြည်မှုရရှိစေရေး၊ ခေတ်အဆက်ဆက် အားနည်းခဲ့သည့် တိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်မှုများ ကောင်းမွန်စေရေး စသည်ဖြင့်အားလုံးကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံရေးခိုင်မာမှုရှိရေးနှင့် နိုင်ငံဖွံ့ဖြိုးရေးတို့အား တပ်မတော်အနေဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စင်ကာပူနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Dr. Vivian Balakrishnan အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ်ထည့်သွင်းပြောကြားသည်။
ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ-စင်ကာပူ နှစ်နိုင်ငံသည် ၁၉၆၆ ခုနှစ်မှ သံတမန်ဆက်ဆံရေးကို စတင်ခဲ့သည့် မိတ်ဆွေနိုင်ငံများဖြစ်ကြောင်း၊ သမိုင်းခေတ်အဆက်ဆက် နှစ်နိုင်ငံခေါင်းဆောင်များသည်လည်း များစွာ ရင်းနှီးမှုရှိခဲ့ကြောင်း၊ ရင်းနှီးမှုနှင့်ယုံကြည်မှုကို အခြေခံထားသည့် နှစ်နိုင်ငံဆက်ဆံရေးသည် မြန်မာ့နိုင်ငံရေးဖော်ဆောင်မှုတွင် များစွာအထောက်အကူပြုခဲ့ကြောင်း၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြားတွင်လည်း နီးကပ်သောဆက်ဆံရေးရှိပြီး အာဆီယံဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများရှိကြောင်း၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်ကြားဆက်ဆံရေးကို ယခုထက်ပို၍ ထဲထဲဝင်ဝင်၊ ထိထိရောက်ရောက်ဖြစ်ရန်အတွက် လုပ်ဆောင်သွားရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်ပြောကြားရာတွင် တပ်မတော်အစိုးရလက်ထက်ကပင် ပါတီစုံ နိုင်ငံရေးလမ်းကြောင်းကို သွားနိုင်ရန်အတွက် ပြင်ဆင်မှုများအား အချိန်ယူဆောင်ရွက်ခဲ့ရကြောင်း၊ ယခုပြည်သူလိုလားသော နိုင်ငံရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဟု ဆိုနိုင်ကြောင်း၊ သို့သော်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီနိုင်သည့် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုဖြစ်စဉ်များကြောင့် ဝေဖန်မှုများလည်းရှိနေကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးလုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံရေးအရ အဆင်ပြေမှုများ ရှိလာပြီဖြစ်သော်လည်း လုံခြုံရေးပိုင်းအရ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်နေကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းသွားပါက တည်ငြိမ်အေးချမ်းမှုကိုရရှိပြီး တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် များစွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထိုအချိန်တွင် မိတ်ဆွေနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများသည် များစွာအထောက် အကူရမည်ဟု ယုံကြည်ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူလိုလားသည့် လမ်းကြောင်းပေါ်တွင် တည်တည်ငြိမ်ငြိမ်နှင့် ခိုင်ခိုင်မာမာရှိနေရန် အလိုလားဆုံးဖြစ်ပြီး အကောင်းဆုံးကိုလည်း မျှော်လင့်ထားပါကြောင်း ရှင်းလင်းပြောကြားသည်။
ဧည့်သည်တော်ဝန်ကြီးက မြန်မာ-စင်ကာပူနှစ်နိုင်ငံမှာ ရှည်လျားသည့် သမိုင်းကြောင်းဆက်ဆံမှုရှိခဲ့ပြီး ဆက်ဆံရေးတိုးတက်မှု များလည်းရှိနေကြောင်း၊ နှစ်နိုင်ငံ ပြည်သူလူထုချင်း ခိုင်ခန့်သည့်ဆက်ဆံမှုများ လည်းရှိပါကြောင်း၊ စင်ကာပူနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သကဲ့သို့ ဒုတိယအကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေပါကြောင်း၊ မြန်မာနိုင်ငံအနာဂတ်အတွက် အဆုံးအဖြတ် ပေးမည့်သူမှာ မြန်မာနိုင်ငံသားများပင်ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံအနေဖြင့် အနာဂတ်တွင်လည်း မြန်မာနိုင်ငံ၏ လုံခြုံစိတ်ချရသော ခိုင်မာသည့် မိတ်ဆွေနိုင်ငံတစ်ခုအဖြစ် ဆက်လက်ရပ်တည်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲမှုများကိုလည်း စွက်ဖက်မှုမပြုဘဲ ဆက်လက်ထောက်ခံ အားပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြား သည်။
ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတို့သည် မြန်မာ-စင်ကာပူ နှစ်နိုင်ငံကာကွယ်ရေးပိုင်းနှင့် တပ်မတော်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းလုပ်ဆောင်နေမှုတွင် တပ်မတော်၏ သဘောထားရပ်တည်ချက်နှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ အိမ်နီးချင်းနိုင်ငံများနှင့် တပ်မတော်အချင်းချင်း ဆက်ဆံရေးအခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား အနာဂတ်ကာလတွင် ဆက်ဆံရေးတိုးမြှင့်နိုင်မည့် နယ်ပယ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး စင်ကာပူနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး H.E. Mr. Robert Chua ၊ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနမှ Deputy Secretary Mr. Peter Tan နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကာ တွေ့ဆုံပွဲအပြီးတွင် အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

Credit To >>> The Ladies News Journal

0 comments:

Post a Comment