13.6.16

ဂျပန်နိုင်ငံအကူအညီဖြင့် စိုက်ပျိုးရေးထွက်ကုန် ရှစ်မျိုး တန်ဖိုးမြှင့်တင်ခြင်းရှေ့ပြေးဆောင်ရွက်မည်


ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၏ ပံ့ပိုး ကူညီမှုနှင့် မြန်မာ့စိုက်ပျိုးရေးနှင့်မွေးမြူရေးထွက်ကုန် ရှစ်မျိုးကို သီးနှံ တန်ဖိုးကွင်းဆက်အတွက် ရှေ့ပြေးလုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

ပြည်ပတင်ပို့နိုင်ရန် အလားအလာရှိသော ဆန်၊ ပဲမျိုးစုံ၊ နှမ်း၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် စက်မှုကုန်ကြမ်းသီးနှံ၊ ဆေးဖက်ဝင် အပင်များ၊ တိရစ္ဆာန်မွေးမြူရေး၊ ငါးလုပ်ငန်းစသည့် အမျိုးအစားရှစ်ခုကို သီးနှံတန်ဖိုးမြှင့်ကွင်းဆက် (value chain) အဖြစ် ရှေ့ပြေးဆောင်ရွက်ရန် ဂျပန်နိုင်ငံနှင့် သဘောတူညီထားခြင်းဖြစ်သည်။
''ဒီရှေ့ပြေးစီမံချက်ရေးဆွဲပြီးရင် ဆွဲထားတဲ့ လုပ်ငန်းစဉ်ဦးစားပေး အလိုက်အကောင်အထည်ဖော်သွားမှာပါ''ဟု လက်ထောက်အတွင်းဝန်ဦးမျိုးတင့်ထွန်းက ပြောသည်။
လက်ရှိတွင် သီးနှံတန်ဖိုးမြှင့်တင်ရေးအတွက် ရိတ်သိမ်းချိန်လွန် နည်းပညာနှင့်ပတ်သက်သော နည်းပညာသင်တန်းကျောင်းတစ်ခုကို စစ်ကိုင်းတိုင်းဒေသကြီး ထုံးဘိုမြို့နယ်၌ တည်ဆောက်ထားပြီး ရိတ်သိမ်းချိန်လွန် နည်းပညာနှင့်ပတ်သက်ပြီး သုတေသနဌာန ပြုလုပ်ရန် စီစဉ်ထားသည်ဟု ဆိုသည်။
ရိတ်သိမ်းချိန်လွန်နည်းပညာနှင့်ပတ်သက်ပြီး တောင်သူများ ကြုံတွေ့နေရသည့် အခက်အခဲနှင့် ပတ်သက်၍ ရှမ်းပြည်နယ် ဟမ်းဆီးမြို့နယ်မှ တောင်သူ ကိုစိုးမြင့်က ''ကျွန်တော်တို့ဘက်မှာ ပဲပုပ်ဆိုရင် မိုးပဲပုပ်၊နွေ ပဲပုပ်ရှိတယ်။ မိုးပဲပုပ်က ရိတ်တဲ့အချိန်ဆို ရေစိုတယ်။ ဒါနဲ့ ပတ်သက်ပြီး အခြောက်ခံတဲ့နည်းပညာတွေလည်းလိုတယ်''ဟု ပြောသည်။
ရိတ်သိမ်းချိန်လွန်နည်းပညာတွင် သီးနှံအခြောက်ခံခြင်း၊ ထုပ်ပိုးခြင်း အဆင့်တို့ပါဝင်ပြီး သီးနှံတန်ဖိုးမြှင့်တင်ခြင်းနှင့် ဆက်စပ်နေကြောင်း သိရသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment