13.6.16

Hot Line ဖုန်းများသို့ လူကုန်ကူးမှုသတင်းများထက် အခြားမသက်ဆိုင်သည့် သတင်းများ ပေးပို့တိုင်ကြားမှုပိုမိုများပြား

လူကုန်ကူးမှုများနှင့်ပတ်သက်၍ သတင်းပေးတိုင်ကြားနိုင်ရေးအတွက် နေပြည်တော် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံး၌ Hot Line ဖုန်း ဝ၉ - ၄၉ ၅၅၅၆၆၆၊ ဝ၉ - ၄၉ ၅၅၅ ၇၇၇၊ ဝ၉ - ၄၉ ၅၅၅ ၈၈၈ နှင့် ဝ၉ - ၄၉ ၅၅၅ ၉၉၉ ဖုန်းလေးလုံးထားရှိ လက်ခံဆောင်ရွက်လျက်ရှိသည်။
Hot Line ဖုန်းများထားရှိ၍ လူကုန်ကူးမှုသတင်းများ လက်ခံဆောင်ရွက်ခြင်းကို ပြည်သူများ ပိုမိုသိရှိစေရန်အတွက် MPT မှတစ်ဆင့် Message များ ပေးပို့ဆောင်ရွက်ခဲ့ရာ ၂ဝ၁၆ခုနှစ် မေလတွင် Hot Line ဖုန်းများသို့ ဖုန်းခေါ်ဆိုမှုပေါင်း(၇၄၃)ကြိမ် ရှိခဲ့သည်။
ဖုန်းခေါ်ဆိုမှုပေါင်း(၇၄၃)ကြိမ်မှာ လူကုန်ကူးမှုသတင်းပေးတိုင်ကြားမှု တစ်ကြိမ်၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီလိုင်စင်မရှိ၍ သတင်းပေးမှု တစ်ကြိမ်၊ လူပျောက်သတင်းပေးမှု (၄၅)ကြိမ်၊ ရန်ဖြစ်ခြင်း၊ ဆဲဆိုခြင်း တို့အတွက် သတင်းပေးမှု (၄၇)ကြိမ်၊ ဖုန်းမှားဆက်ခြင်း (၂ဝဝ)အကြိမ်၊ MPT ကလားဟု မေးသည့် ဖုန်းခေါ်ဆိုမှု (၈၉)ကြိမ်၊ ဖုန်းခေါ်ပြီး ပြန်မပြောသည့် ဖုန်းခေါ်ဆိုမှု (၂၉၄)ကြိမ်နှင့် ဆဲဆိုခြင်း၊ ညစ်ညမ်းစွာပြောဆိုခြင်းစသည့် နှောင်ယှက်သည့် ဖုန်းခေါ်ဆိုမှု (၆၆)ကြိမ်တို့ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
ဖုန်းခေါ်ဆိုမှုပေါင်း(၇၄၃)ကြိမ် အနက် လူကုန်ကူးမှုနှင့်ပတ်သက်သည့် သတင်းပေးတိုင်ကြားမှု (၂)ကြိမ်ရှိရာ လူကုန်ကူးမှု (၁)မှုနှင့် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေ ပုဒ်မ၂၆ (၁)မှုတို့ဖြင့် ဖော်ထုတ်အရေးယူနိုင်ခဲ့သည်။ လူပျောက်မှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာနယ်မြေရဲစခန်းများတွင် လူပျောက်မှု ဖွင့်လှစ်နိုင်ရေး လမ်းညွှန်ပေးနိုင်ခဲ့ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းများနှင့် ပူးပေါင်း၍ လူပျောက်မှု(၁ဝ)မှု ကို ပြန်လည်ရှာဖွေ ပေးနိုင်ခဲ့သည်။
လူကုန်ကူးမှုနှင့်သက်ဆိုင်သည့် သတင်းများထက် မသက်ဆိုင်သည့်အခြား သတင်းများ Hot Line ဖုန်းများသို့ ဖုန်းခေါ်ဆိုတိုင်ကြားသည့်အတွက် အမှန်တကယ် လူကုန်ကူးခံရသူများ၊ ပြည်သူများမှ လူကုန်ကူးမှုသတင်းများ တိုင်ကြားရာတွင် ဖုန်းလိုင်း မအားခြင်းများ ကြုံတွေ့နိုင်ပြီး နစ်နာဆုံးရှုံးမှု ရှိလာနိုင်သဖြင့် အခြားမသက်ဆိုင်သည့် သတင်းများ Hot Line ဖုန်းများသို့ ဆက်သွယ်တိုင်ကြားခြင်းမပြုကြပါရန် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တိုက်တွန်းထားကြောင်း သိရသည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment