13.6.16

ညအမှောင်တွင် ကျူးကျော်တဲသစ် ဆောက်လုပ်မှုများ ရှိနေ

ကျုးကျော်တဲသစ်များ ထပ်မံဆောက်လုပ်ခြင်း မပြုရန် ပြည်သူများသို့ အသိပေးထားသော်လည်း
လှိုင်သာယာမြို့နယ်၌ ညပိုင်းတွင် တရားမဝင် ကျူးကျော်တဲသစ်များ ဆောက်လုပ်မှု
ရှိလာနေဆဲဖြစ်သည့်အတွက် ပြည်သူများက လာရောက်အကြောင်းကြားရန် လိုအပ်ကြောင်း
လှိုင်သာယာမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြီးက ပြောသည်။

''ကျူးတဲ အသစ်တိုးတာနဲ့ သိသိချင်း အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပေါင်းပြီးဖျက်ပါတယ်။ ထပ်တိုးတဲ့ ကျူးတဲ
အသစ်တွေကိုပဲ ဖျက်တာပါ။ အဟောင်းကို မလုပ်ပါဘူး။ ညပိုင်းတွေမှာသူတို့က ခိုးဆောက်ကြတာ
များတယ်။ ရယက သတင်းပို့တာနဲ့ ပေါင်းဖျက်ပါတယ်။ မြို့နယ်ကလည်း အကျယ်ကြီးဆိုတော့
နေရာစုံတော့ မသိနိုင်လို့ ပြည်သူကအကြောင်းကြားပေးဖို့ လိုတယ်''ဟု ၄င်းက ဇွန် ၆ ရက်တွင်
မြန်မာတိုင်း(မ်)ကို ပြောသည်။
လှိုင်သာယာမြို့နယ်၌ မေ ၂၃ ရက်အထိ အသစ်ထပ်တိုးလာသည့် ကျူးကျော်တဲပေါင်း ၉၉ တဲကို
ဖျက်သိမ်းရှင်းလင်းခဲ့ပြီးဖြစ်သော်လည်း ပြည်သူများက ကျူးကျော်တဲသစ်များနှင့် ပတ်သက်ပြီး
အကြောင်းကြားလာမှုများ ရှိနေသဖြင့် ဆက်လက်ရှင်းလင်းဖယ်ရှားမှုများ ပြုလုပ်နေသည့်အတွက်
မေ ၃ဝ ရက်အထိ ကျူးကျော်တဲသစ် တဲပေါင်း၁၁ဝ ကျော်ကို ထပ်မံရှင်းလင်းဖယ်ရှားခဲ့ပြီးဖြစ်သည်။
အစိုးရသစ်လက်ထက်တွင် ရန်ကုန်တိုင်းအတွင်းရှိ ကျူးကျော်နေထိုင်သူများကို စိစစ်ကာ အမှန်တကယ်
မြေနေရာအခက်အခဲရှိသူများအတွက် မြေနေရာ အစားထိုးပြန်လည်ချထားပေးမည်ဟူသည့် သတင်းများ
ထွက်ပေါ်လာပြီးသည့် နောက်ပိုင်း၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များ အများအပြားရှိနေသည့်
လှိုင်သာယာမြို့နယ်တွင် ကျူးကျော်တဲများ အများအပြား တိုးပွားလာနေကြောင်း လှိုင်သာယာမြို့နယ်တွင်
နေထိုင်သူများက ပြောသည်။
''ညဘက်တွေမှာ ခိုးဆောက်ကြတာများတယ်။ တစ်ညတည်း တဲအလုံး နှစ်ဆယ် သုံးဆယ်လောက်
တပြိုင်တည်းကို အုံနဲ့ ကျင်းနဲ့ ဆောက်ကြတာ။ ရပ်ကွက်တွေထဲဆောက်ရင်တော့
ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အကြောင်းကြားတာတွေ ရှိသလို သူတို့လည်း ညဘက်ကို စောင့်ဆိုင်းပြီး
ကြည့်နေရတဲ့ အဆင့်ထိ ရှိတယ်။ ခိုးတိုးတဲ့ လူလည်း တိုးတယ်။ ရှိပြီးသားတဲဟောင်းကို ထပ်ပြီး
တစ်ဖက်ရပ် တဲသစ်ကလည်းလုပ်ကြတယ်။ ဝန်ကြီးချုပ်က ကျူးတွေကို မြေပြန်ပေးမယ်လို့
သတင်းထွက်လာပြီးတဲ့နောက်ပိုင်း လူတွေက alart ဖစ်လာတာလည်း ပါတယ်။ နဂိုရှိပြီးသား
နေရာတွေမှာ ကပ်ပြီးတော့ တိုးတာကလည်းပိုများတယ်''ဟု လှိုင်သာယာမြို့နယ်စည်ပင်သာယာရေး
ကော်မတီဥက္ကဋ္ဌ (ဟောင်း) ဦးကြည်စိုးက ပြောသည်။ 
ရန်ကုန်-ပုသိမ်လမ်းမကြီး တစ်လျှောက်နှင့် လှိုင်သာယာမြို့နယ်အတွင်းရှိ သွားလာရန် ခက်ခဲသည့်
ချောင်းများ၊ မြောင်းများအတွင်း ညအမှောင်ကို အကာအကွယ်ယူကာ တရားမဝင် ကျူးကျော်တဲသစ်
ဆောက်လုပ်မှုများ များပြားလာနေဆဲဖြစ်သည်။
သာယာကုန်းချောင်း၊ ရွှေလင်ပန်းချောင်း၊ အင်ဂလိုင်ချောင်း၊ စူလတန်ချောင်း ဧရိယာများထဲတွင်
ကျူးကျော်တဲသစ်များ အများအပြား ဆောက်လုပ်လာနေကြသည့်အတွက် ရေမြောင်းများ
ပိတ်ဆို့လာသည့်အပြင် ဖယ်ရှားပေးရန် သွားရောက်အကြောင်းကြားပါကလည်း မချေမငံ
ပြန်လည်ဆက်ဆံ ပြောဆိုကြသည့် အပြင် ခိုက်ရန် ဖြစ်ပွားမှုများလည်း ရှိနေဆဲဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ မေ၂၅ ရက်မှ စတင်ခါ ကျူးကျော်တဲသစ်များတိုးပွားလာခြင်းကို
လက်မခံတော့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
အတိအလင်းကြေညာခဲ့ပြီးဖြစ်သည်။
အစိုးရအဖွဲ့က အကြမ်းဖျင်းကောက်ယူထားသည့် စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌
ကျုးကျော်နေထိုင်သူ ၄၃ဝ,ဝဝဝ ကျော်ရှိပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်၌ ၁၅၇,၄ဝဝ ဦး၊
ရန်ကုန်တောင်ပိုင်းခရိုင်၌ ၉၃,ဝဝဝ၊ ရန်ကုန်အနောက်ပိုင်းခရိုင်၌၈,၁ဝဝ နှင့် ရန်ကုန်မြောက်ပိုင်းခရိုင်၌
ကျုးကျော်နေထိုင်သူ ၁၇ဝ,ဝဝဝ ကျော်ရှိသည်။
အလုပ်အကိုင်အခွင့်အလမ်းပေါများသည့် စက်မှုဇုန်အများအပြားရှိသည့် လှိုင်သာယာမြို့နယ်အတွင်း၌
ကျူးကျော်နေထိုင်သူ အများဆုံးရှိနေပြီး ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန် ၂၆ ဇုန်အနက်
လှိုင်သာယာမြို့နယ်တစ်ခုတည်း၌ပင် စက်မှုဇုန်ပေါင်း ကိုးဇုန်ရှိပြီး လုပ်သားအင်အား သုံးသိန်းကျော်ကို
အလုပ်အကိုင်များ ဖန်တီးပေးထားပြီးဖြစ်သည်။
''တဲတွေကတော့ တစ်လုံးစ နှစ်လုံးစ တိုးနေတာတွေ မြင်ပါတယ်။ စည်ပင်ဘက်ကလည်း
နေရာစုံလိုက်ပြီး ရှင်းဖို့ဆိုတာကလည်း အခက်အခဲရှိနိုင်ပါတယ်။ ကျူးတဲသစ်တွေ တိုးလာတော့
ကျွန်တော်တို့ ကျူးတဲဟောင်းတွေလည်း အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာဆိုသလို ဖြစ်နေပါတယ်။
နိုင်ငံတော်ဘက်ကိုလည်း ပြန်ကြည့်ပေးရပါမယ်''ဟုလှိုင်သာယာမြို့နယ်ြဥဃ မှတ်တိုင်အနီးလှိုင်သာယာ
စက်မှုဇုန်အတွင်း၌ ကျူးကျော်နေထိုင်သူ ကိုဆံရှည်က ပြောသည်။
ကျူးကျော်တဲများကို စာရင်းသတ်မှတ်ကောက်ယူရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လူဦးရေနှင့်
တဲများကို အမှတ်စဉ်များ သတ်မှတ်ကာ လုပ်ဆောင်ပေးထားပြီးဖြစ်သည့်အတွက် ကျူးတဲဟောင်းများ
စုစည်းနေသည့် နေရာသစ်များတွင် ကျူးတဲသစ်များ ထပ်မံဆောက်လုပ်ရန် အခက်အခဲရှိနိုင်သော်လည်း
လူသူအရောက်အပေါက်နည်းပါးသည့် ချောင်းငယ်များနှင့် အတွင်းဘက်ကျသည့် နေရာများတွင်မူ
ကျူးကျော်တဲသစ်များ ဆောက်လုပ်မှု ရှိနေဆဲဖြစ်ကြောင်း ၄င်းက ပြောသည်။
Credit To >>> The Myanmar Times

0 comments:

Post a Comment