28.7.16

(၈)ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဝန်ကြီးများအစည်းအဝေးဥက္ကဋ္ဌတာဝန် မြန်မာနိုင်ငံထမ်းဆောင်မည်



နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့၌ ဇူလိုင် ၂၃ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့သည့် (၄၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၂၃ ရက်က အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ဇုန်ဆိုင်ရာကော်မရှင် အစည်းအဝေးနှင့် လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် အာဆီယံအစိုးရချင်း ဆိုင်ရာကော်မရှင် ကိုယ်စားလှယ်များတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။ ဇူလိုင် ၂၄ ရက်တွင် (၄၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ မျက်နှာစုံညီ အစည်းအဝေးနှင့် သီးသန့်အစည်းအဝေးများသို့ ဆက်လက်တက်ရောက်ခဲ့သည်။ အဆိုပါအစည်းအဝေးများမှ (၄၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်နှင့် အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (TAC) ချုပ်ဆိုခြင်းဆိုင်ရာ နှစ်(၄ဝ)ပြည့်အထိမ်းအမှတ် နိုင်ငံခြားရေးဝန်ကြီးများ၏ထုတ်ပြန်ကြေညာချက်နှင့် ဒေသတွင်းအေးချမ်း တည်ငြိမ်မှုထိန်းသိမ်းရေးဆိုင်ရာ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ၏ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ဗီယင်ကျန်းမြို့၌ ဇူလိုင် ၂၄ ရက် နှင့် ၂၅ ရက်တွင် ကျင်းပသည့် (၆) ကြိမ်မြောက် မဲခေါင်-ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ (၇) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးများအစည်းအဝေး၊ (၉) ကြိမ်မြောက် မဲခေါင်-ဂျပန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် (၉) ကြိမ်မြောက် မဲခေါင်မြစ်အောက်ပိုင်း နိုင်ငံများဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတို့ကို တက်ရောက်ခဲ့သည်။ (၈) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးများအစည်းအဝေး၏ ဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံမှ တာဝန်ယူထမ်းဆောင်မည်ဖြစ်သည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၂၅ ရက်တွင် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ကနေဒါနိုင်ငံ၊ ဂျပန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ နယူးဇီလန်နိုင်ငံ၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် သီးခြားစီ ကျင်းပသည့် ဆွေးနွေးဖက်နိုင်ငံများ အစည်းဝေးများသို့ တက်ရောက်ခဲ့သည်။ အဆိုပါ အစည်း အဝေးများအပြီးတွင် အာဆီယံဥက္ကဋ္ဌ၏ ကြေညာချက်များကို ထုတ်ပြန်နိုင်ခဲ့သည်။ အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှ တောင်တရုတ် ပင်လယ်တွင်းနိုင်ငံများ လိုက်နာရမည့် လုပ်ထုံးလုပ်နည်း ဆိုင်ရာကြေညာချက်အပြည့်အဝ ထိရောက်စွာ အကောင်အထည်ဖော်ရေးဆိုင်ရာ အာဆီယံ-တရုတ် နိုင်ငံခြားရေး ဝန်ကြီးများ ပူးတွဲကြေညာချက်ကိုလည်း အတည်ပြုခဲ့သည်။
ယင်းအစည်းအဝေးများအနက် အာဆီယံ-သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး မစ္စ ဂျူလီဘီရှော့နှင့်အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ အာဆီယံ-သြစတြေးလျ ဆွေးနွေးဖက်ဆက်ဆံရေးတွင် ညှိနှိုင်းရေးတာဝန်ခံနိုင်ငံအဖြစ် ဆောင်ရွက်လျက်ရှိသည်။
ဇူလိုင် ၂၆ ရက်တွင် (၁၇) ကြိမ်မြောက် အာဆီယံ အပေါင်းသုံး နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေး၊ ဆဋ္ဌမအကြိမ်မြောက် အရှေ့အာရှထိပ်သီး နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးနှင့် (၂၃) ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ် ဝန်ကြီးအဆင့် အစည်းအဝေးများသို့ တက်ရောက်ခဲ့ပါသည်။ (၂၃) ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာ ဆွေးနွေးပွဲတွင် ပင်လယ်ရေကြောင်း ဥပဒေအာဏာသက်ရောက်သော အေဂျင်စီများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ အာဆီယံဒေသတွင်းဖိုရမ်၏ ထုတ်ပြန်ချက်၊ အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် အာဆီယံဒေသတွင်းဖိုရမ်၏ ထုတ်ပြန်ချက်၊ တရားမဝင် ထိန်းချုပ်မှုမရှိ၊ အသိပေးခြင်းမရှိသော ငါးဖမ်းမှုများကို ကြိုတင်ကာကွယ်ဟန့်တားပိတ်ပင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အာဆီယံဒေသတွင်း ဖိုရမ်၏ ထုတ်ပြန်ချက်၊ နိုင်ငံဖြတ်ကျော်မှုခင်းများ ထိန်းချုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ အာဆီယံဒေသတွင်းဖိုရမ်၏ ထုတ်ပြန်ချက်တို့ကို ထုတ်ပြန်နိုင်ခဲ့သည်။
၂ဝ၁၆ ခုနှစ် ဇူလိုင် ၂၄ ရက်တွင် ဖွင့်လှစ်ခဲ့သည့် (၄၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားအပြီးတွင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများသည် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ်အား သွားရောက်တွေ့ဆုံခဲ့သည်။ အစည်းအဝေးကာလအတွင်း ပြည်ထောင်စုဝန်ကြီးသည် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ နော်ဝေနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်း၊ ကိုရီးယား ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့်လည်းကောင်း၊ အိန္ဒိယပြည်ပရေးရာဝန်ကြီးနှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာဆီယံအစည်းအဝေးများအပြီး ဇူလိုင် ၂၆ ရက် ညနေပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏နေအိမ်၌ ကျင်းပသော သံရုံးမိသားစု ညစာစားပွဲသို့ တက်ရောက်ခဲ့ပြီး မြန်မာသံရုံးဝန်ထမ်းများ၊ လာအိုနိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။
ယခုကျင်းပခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပထမဆုံးတက်ရောက်သည့် အာဆီယံအစည်းအဝေးဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များ၊ အာဆီယံနှင့် ပြင်ပဆက်ဆံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
Credit To >>> The Mirror Daily


0 comments:

Post a Comment