28.7.16

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် e-lottery စနစ်ဖြင့် ၅ဝဝ ကျပ်တန်ထီများ တိုးချဲ့ဆောင်ရွက်ရန်စီစဉ်



ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အောင်ဘာလေထီပေါက်သူ ပြည်သူများ၏ ရပိုင်ခွင့်ဖြစ်သော ထီဆုငွေများမှ အကြောင်းအမျိုးမျိုးကြောင့် ထုတ်ယူခြင်းမရှိသည့် ဘဏ္ဍာသိမ်းရငွေများအပေါ် အစိုးရအနေဖြင့် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ တစ်ဆင့် နိုင်ငံတော်၏လုံခြုံရေး၊ ဒေသများဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကဏ္ဍများတွင် ၅၁ သန်းကျော်သော ပြည်သူများအတွက် အချိုးကျပြန်လည်ခွဲဝေသုံးစွဲလျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး တတိယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးထိန်ဝင်း၏ ''အောင်ဘာလေသိန်းဆုဌာနခွဲက အကြောင်းအမျိုးမျိုးကြောင့် လာရောက်ထုတ်ယူခြင်းမရှိသည့် ထီဆုငွေများအား နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းမပြုဘဲ ဆုမဲများအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးရန်'' မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ထိုသို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် လစဉ်အောင်ဘာလေ ထီပေါက်မဲများကို ပြည်သူလူထု အချိန်မီသိရှိနိုင်ရန် ထီပေါက်စဉ်များကို အောင်ဘာလေထီဝက်ဘ်ဆိုက်မှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိပါ ကြောင်း၊ ထီဆုငွေများကို ထီပေါက်စဉ်ကြေညာပြီးနောက် တစ်နှစ်တာကာလအတွင်း လာရောက်ထုတ်ယူရန် သတ်မှတ်ထားပါကြောင်း၊ အဆိုပါကာလအတွင်း လာရောက်ထုတ်ယူခြင်းမပြုပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်း၊ ထီလက်မှတ်၏နောက်ကျောတွင် ဖော်ပြထားပြီးဖြစ်သကဲ့သို့ ထုတ်ပေးရန်သတ်မှတ်ကာလ စေ့ရောက်ခါနီးတွင်လည်း နိုင်ငံပိုင်သတင်းစာများနှင့် အောင်ဘာလေထီဝက်ဘ်ဆိုက်တို့မှ ထုတ်ပြန်အသိပေးလျက်ရှိပါကြောင်း။
နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းသော ထီဆုငွေများကို သတ်မှတ်ချက်များနှင့်အညီ အောင်ဘာလေထီလုပ်ငန်းနှင့် အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် ပြန်လည်သုံးစွဲသွားရန် အစိုးရအောင်ဘာလေ ထီဥပဒေ(မူကြမ်း)တွင် ပြဋ္ဌာန်းသွားရန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများ တရားမဝင်ထီထိုးခြင်းကို စိတ်ဝင်စားမှုလျော့နည်းရေး၊ ဆုကြေးငွေပိုမို ရရှိနိုင်ရေး၊ လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားစေရေးစသည့် ရည်ရွယ်ချက်များဖြင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ ၅ဝဝ ကျပ်တန် အောင်ဘာလေထီ ထုတ်ဝေရောင်းချရန် စီစဉ်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက အဆိုပါအောင်ဘာလေထီတွင် အထူးဆု ကြီးအဖြစ် ကျပ်သိန်း ၁ဝဝဝဝ၊ ဒုတိယဆုအဖြစ် ကျပ်သိန်း ၅ဝဝဝ၊ တတိယဆု အဖြစ် ကျပ်သိန်း ၁ဝဝဝ နှင့် အခြားဆုမဲများကို ဝေဝေဆာဆာတိုးမြှင့်ပေးသွား မည်ဖြစ်ပါကြောင်း၊ ထီလက်မှတ်များအား မြို့နယ်အခွန်ရုံးများတွင် လက်လီ ဖြန့်ဖြူးရောင်းချရန် အစီအစဉ်မရှိပါကြောင်း၊ လက်ကားဝယ်ယူရောင်းချလိုပါက သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ဝယ်ယူခွင့်ရရှိရေး တင်ပြလျှောက်ထားနိုင်ပါကြောင်း၊ ထို့ပြင် ထီဈေးနှုန်းမြင့်မားနေခြင်းကို ထိန်းညှိနိုင်ရန်နှင့် ထီစောင်ရေ လိုသလောက်ကံစမ်းနိုင်ရန်အတွက် ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် e-lottery စနစ်ဖြင့် ၅ဝဝ ကျပ်တန်ထီများ တိုးချဲ့ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး၏ ''မြန်မာ့စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဘဏ်၏ အရှုံးအမြတ်၊ ဘဏ္ဍာရေးဆိုင်ရာ နှစ်ချုပ်အစီရင်ခံစာ ထုတ်ပြန်ပေးနိုင်ခြင်းရှိ၊ မရှိ'' မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက နှစ်ကုန်ဆုံးတိုင်း နှစ်ချုပ်စာရင်းရေးဆွဲပြီး စာရင်းစစ်ချုပ်၏ သုံးသပ်တင်ပြချက်နှင့်အတူ ဘဏ်၏အရှုံးအမြတ်စာရင်း၊ လက်ကျန်ရှင်းတမ်းများပူးတွဲလျက် ဝန်ကြီးဌာနသို့တင်ပြရပါကြောင်း၊ ဝန်ကြီးဌာန မှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ထပ်မံတင်ပြရပြီး ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးဖြင့် စိစစ်အတည်ပြုပြီးနောက် အဆိုပါနှစ်ချုပ်အစီရင်ခံစာများကို ဘဏ်(ရုံးချုပ်)ဌာန အသီးသီးသို့ပေးပို့၍ ထုတ်ပြန်ကြေညာပါကြောင်း။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ပြီးခဲ့သည့် (၁ဝ)နှစ်တာကာလကို ပြန်လည်သုံးသပ်ကြည့်ပါက ၂ဝဝ၆-၂ဝဝ၇ ဘဏ္ဍာရေးနှစ်မှ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်အထိ အသားတင်အမြတ်စုစုပေါင်း ကျပ် ၅၄ ဒသမ ၇၄ ဘီလီယံရရှိခဲ့ပြီး နိုင်ငံတော်သို့ ထည့်ဝင်ငွေအနေဖြင့် စုစုပေါင်း ကျပ် ၄၁ ဒသမ ဝ၅၄ ဘီလီယံ ထည့်သွင်းနိုင်ခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့ပြင် ပြီးခဲ့သည့်(၁ဝ)နှစ်တာကာလ စိုက်ပျိုးစရိတ်ချေးငွေများကို ပြန်ကြည့်လျှင် ၂ဝဝ၆-၂ဝဝ၇ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၄၄ ဒသမ ၈၇ ဘီလီယံချေးခဲ့ရာမှ ချေးငွေပမာဏ တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် တွင် ကျပ် ၁၁၆၇ ဒသမ ၄၈ ဘီလီယံအထိ ထုတ်ချေးနိုင်ခဲ့ပါကြောင်း၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်တွင်မူ ချေးငွေကျပ် ၁ဝ၉၁ ဒသမ ၄ဝ ဘီလီယံ ထုတ်ချေးခဲ့ပြီး ယခု ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၇ဝဝ ဘီလီယံခန့် ထုတ်ချေးရန်လျာထားပါကြောင်း၊ သီးနှံအလိုက်ချေးငွေများကို ကြည့်ပါက စပါးချေးငွေသည် စုစုပေါင်းချေးငွေ၏ ၉၁ ရာခိုင်နှုန်းနီးပါးရှိပါကြောင်း။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် လချုပ်၊ နှစ်ချုပ်များကို စနစ် တကျပြုစုရေးဆွဲပြီး မြို့နယ်ဘဏ်ခွဲ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဘဏ်ခွဲများမှ သည် ဘဏ်ရုံးချုပ်တိုင်အောင် စာရင်းစစ်ချုပ်ရုံးမှ စာရင်းစစ်အဖွဲ့များက စစ်ဆေးအတည်ပြုထားပြီးဖြစ်၍ ဘဏ်၏နှစ်ချုပ်အစီရင်ခံစာများကိုအများ ပြည်သူသိရှိနိုင်ရန်အတွက်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်ဘဏ်ခွဲများမှ တစ်ဆင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဖြေကြားသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်မျိုး၏ ''တရားရုံးများတွင် အမှုပြီးပြတ်ပြီး နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ ဆွေးမြည့်ပျက်စီးမှုမရှိခင် နိုင်ငံဘဏ္ဍာ ဖြည့်တင်းနိုင်ရေးအတွက် လေလံတင်ရောင်းချခြင်း သို့မဟုတ် မော်တော်ယာဉ် လိုအပ်သောဌာနများသို့လွှဲပြောင်းအသုံးပြုခွင့်ပေးရန်အစီအစဉ်ရှိ၊ မရှိ''မေးခွန်း နှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက တရားရုံးများတွင် အမှုပြီးပြတ်ပြီး နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော မော်တော်ယာဉ်များကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ လမ်းညွှန်ချက်အတိုင်း Open Tender စနစ်ဖြင့်ရောင်းချပြီး ရောင်းချမရသောမော်တော်ယာဉ်များကို စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ကာ နိုင်ငံပိုင်စာရင်းရေးသွင်းနိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့ပြင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သော တရားရုံးအသီးသီးမှ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် မော်တော်ယာဉ်များကို ကွင်းဆင်းစစ်ဆေးပြီး ပြုပြင်သုံးစွဲနိုင်သည့်အဆင့် မော်တော်ယာဉ်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မော်တော်ယာဉ်လိုအပ်သော ဌာနများသို့ ခွဲဝေပေးလျက်ရှိပြီး ပြုပြင်သုံးစွဲရန်မသင့်အဆင့် မော်တော်ယာဉ်များကို သံရည်ကျိုဖျက်ဆီးနိုင်ရေး နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခွင့်ပြုချက်ယူပြီး ဆောင်ရွက်လျက်ရှိပါကြောင်း။
အကောက်ခွန်ဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရမိပြီး ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော ပြုပြင်သုံးစွဲနိုင်သည့် အဆင့်မော်တော်ယာဉ်များကို အစိုးရအဖွဲ့အစည်းများနှင့် ဌာနများသို့ ဌာန ဆိုင်ရာမော်တော်ယာဉ်များအဖြစ် ခွဲဝေပေးလျက်ရှိပြီး ပြုပြင်သုံးစွဲရန် မသင့်အဆင့် မော်တော်ယာဉ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ သံရည်ကျိုဖျက်ဆီး နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း ဒုတိယဝန်ကြီးက ရှင်းလင်းဖြေကြားသည်။


Credit To >>> The Mirror Daily

0 comments:

Post a Comment