16.8.16

ကချင်ပြည်နယ် ဖားကန့်-မိုးကောင်းလမ်းပိုင်းတွင် တပ်မတော်နှင့် ကေအိုင်အေတို့ သြဂုတ် ၁၅ ရက် နံနက်ပိုင်းက စတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ခရီးသွားများ ပိတ်မိနေ


ကချင်ပြည်နယ် ဖားကန့်-မိုးကောင်း လမ်းပိုင်းကြားရှိ ကာမိုင်းမြို့နယ်တွင် သြဂုတ် ၁၅ ရက် နံနက်ပိုင်းက စတင်ပြီး တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ခရီးသွားများ ပိတ်မိနေကြောင်း အဆိုပါ လမ်းပိုင်းပေါ်တွင် ပိတ်မိနေသည့် မိုးညှင်းဒေသခံ တစ်ဦးက ဆက်သွယ် ပြောကြားသည်။

တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ဖားကန့်-မိုးကောင်းလမ်းပေါ်တွင် ခရီးသွားပြည်သူ အများစု အချိန်ငါးနာရီကျော်ကြာအထိ ဆက်လက် ပိတ်မိနေခဲ့ပြီး ညအချိန်အထိ ပိတ်မိနေမည်ကို စိုးရိမ်နေကြောင်း သိရသည်။
“ကျွန်တော်က ဖားကန့်ကနေ ပြန်လာတာ။ စပိတ်မိတာက မနက် ၁၀ နာရီကတည်းကပဲ။ ကျွန်တော်တို့က တိုက်ပွဲကြားထဲရောက်နေတာ။ အခုချိန်အထိ သေနတ်ပစ်သံတွေ ကြားနေရသေးတယ်။ ပိတ်မိနေသူတွေက ကာမိုင်းဘက်မှာရော ရှိနေသေးတယ်။ တိုက်ပွဲက မရပ်သေးဘူးဆိုရင် ညအချိန်ရောက်ရင် သွားလို့ အဆင်မပြေတော့ဘူး” ဟု ဖားကန့်ဒေသမှ ပြန်လာသည့် ကိုမိုးကြယ်ကဆိုသည်။

မြစ်ကြီးနားမြို့မှ ရရှိသော သတင်းများအရ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဖားကန့်-မိုးကောင်း လမ်းမပေါ်နှင့် ရှဒူဇွပ် ရွှေမှော်များတွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ တပ်မတော်နှင့် ကေအိုင်အေတို့သည့် မိုးကောင်း -ဖားကန့် လမ်းမပေါ်ရှိ နန့်ယားကျေးရွာနှင့် ဆိုင်းဖရာကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားရာ အလယ်တန်းကျောင်း အတွင်းသို့ လက်နက်ကြီး ကျရောက်ပြီး ဆရာမတစ်ဦးနှင့် ကျောင်းသားတစ်ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

ဒဏ်ရာရသည့် ကျောင်းဆရာမမှာ မိုးညှင်းမြို့နယ် နမ္မားကျေးရွာမှ လာရောက်တာ ၀န်ထမ်းဆောင်နေသည့် အလယ်တန်းပြ ဆရာမဒေါ်မြရူပါငယ်ဖြစ်ပြီး ညာဘက်လက်မောင်းရှပ်ထိနှင့် ယာဘက်ရင်အုံဖောက်ထွင်း ဒဏ်ရာ (မစိုးရိမ်ရ) ကျောင်းသားတစ်ဦးမှာ ညာလက်မောင်းရှပ်ထိ ဒဏ်ရာတို့ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းမှ ဆရာမတစ်ဦးက “နေ့ကျောင်းဆင်းပြီး ကလေးတွေ ထမင်းစား ပြန်ကြတယ်။ တိုက်ပွဲဖြစ်တော့ ကလေးတွေကို စာသင်ကျောင်းထဲသွင်းတယ်။ ကလေးတွေက တိုက်ပွဲဖြစ်တာကို ကြည့်နေကြတာ။ ဆရာမတွေက လက်နက်သံကြီးတွေကြားတော့ ပြတင်းပေါက်ပိတ်ဖို့ လုပ်နေတုန်းမှာ လာပေါက်ကွဲတာ” ဟု ပြောကြားသည်။

တိုက်ပွဲကြောင့် နန့်ယားအလယ်တန်းကျောင်းမှာ ပိတ်ထားခဲ့ရပြီး ဖားကန့်-မိုးကောင်း လမ်းပိုင်းကိုလည်း ပိတ်ထားကြောင်း သိရသည်။

တိုက်ပွဲများနှင့် ပတ်သက်ပြီး မြောက်ပိုင်းတိုင်းစစ်ဆင်ရေး အကြီးတန်း အရာရှိတစ်ဦးက ပစ်ခတ်မှုများမှာ ရှဒူဇွပ်ရွှေမှော်နှင့် ဖားကန့်လမ်းပေါ်ရှိ နန့်ယားကျေးရွာ အနီးတွင် ဖြစ်ပွားခဲ့ကြောင်း အတည်ပြုပြောကြားသည်။

၎င်းက “ရှဒူဇွပ်ရွှေမှော်ကျေးရွာဝန်းကျင်မှာ ပစ်ခတ်မှုဖြစ်တာက တရုတ်တွေရဲ့ တရားမ၀င် ရွှေမှော်လုပ်ငန်းတွေကို ဖယ်ရှားရင်း ဖြစ်တာပါ။ တိုက်ပွဲတွေ ပြင်းထန်မှုရှိတယ်လို့ ယူဆရရင်တော့ စခန်းအကြီးကြီးတွေ တည်ဆောက်မှု ရှိနေမယ်ထင်တယ်။ နန့်ယား အထွက်မှာ နှစ်ဖက်တွေ့ပြီးပစ်ကြတော့ ကေအိုင်အေ လက်နက်ကြီးကြောင့် ဆရာမတစ်ဦးနဲ့ ကျောင်းသားတစ်ယောက် ဒဏ်ရာရတယ်။ ပြည်သူ့စစ်တစ်ဦး ဒဏ်ရာရတယ်။ တခြားကျဆုံးမှုတော့ မရှိပါဘူး” ဟု ပြောကြားသည်။

ကေအိုင်အေ တပ်မဟာနှင့် လက်အောက်ခံရင်း (၆) မှ ဗိုလ်မှူးကြီးတန်ဆန်းက တိုက်ပွဲများ ဖြစ်ပွားသည်မှာ မှန်ကန်ကြောင်း နှစ်ဖက် အင်အားများသောကြောင့် တိုက်ပွဲပြင်းထန်နေကြောင်း ကျောင်းဆရာမ တစ်ဦး ဒဏ်ရာရရှိမှုမှာ ကေအိုင်အေ လက်နက်ကိုင်အဖွဲ့၏ လက်နက်ကြီးကြောင့် မဟုတ်ကြောင်း ပြောကြားသည်။

ယင်းက “ဖြစ်တာက နန့်ယားနဲ့ ကပ်မှော် ဇွပ်ကြားမှာပါ။ နေ့လယ်ပိုင်း ၁၂ နာရီကနေကနေ မွန်းလွဲ ၂ နာရီအထိ ဖြစ်တယ်။ အခုတော့ ပုံမှန်ဖြစ်သွားပါပြီ။ တပ်မတော်ဘက်ကလည်း အင်အားအများကြီးနဲ့ နယ်မြေရှင်းလင်းရေး လုပ်နေဆဲပဲ ရှိပါသေးတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာနဲ့ နန့်ယားကျေးရွာနဲ့ဟာ တောင်ကြီးတစ်တောင်လုံး ခြားနေပါတယ်။ ကျွန်တော်တို့ဘက်ကပစ်တဲ့ လက်နက်ကြီး မဟုတ်ပါဘူး။ ရွာထိပ်က အိမ်နှစ်လုံး မီးလောင်သွားတာလည်း လက်နက်ကြီးကျလို့ဆိုပြီး တပ်မတော်ဘက်က ပြောပေမယ့် ရှို့တယ်လို့ သိရတယ်။ ရှဒူဇွပ် ရွှေမှော်တွေမှာလည်း ပစ်ခတ်မှုတွေ ဖြစ်နေတယ်။ ဒီဘက်မှာလည်း ပစ်ခတ်နေကြတော့ အခြေအနေက ဘယ်လိုရှိမှန်းမသိဘူး” ဟု ပြောကြားသည်။ 
Credit To >>> Eleven Media Group

0 comments:

Post a Comment