16.8.16

ကျောက်ဖြူမြို့ ကမ်းထိန်းရေကာတာ ကျိုးပေါက်မှုတွင် ငါးဟောက်၊ ငချိုင့်ကဏန်းကောင်များ ထိုးဖောက်ခြင်းကြောင့် မဟုတ်ဘဲ တာပေါင်အရည်အသွေး ကျဆင်းလာခြင်းကြောင့်ဟုဆို

ကျောက်ဖြူမြို့ ကမ်းထိန်းရေကာတာ ကျိုးပေါက်ခြင်းမှာ ငဟောက်၊ ငချိုင့်ကဏန်းကောင်များ ထိုးဖောက်ခြင်းကြောင့် မဟုတ်ဘဲ နှစ်သက်တမ်း ကြာမြင့်လာပြီး မြေသားများ အရည်အသွေး ကျဆင်းလာကာ ခိုင်ခန့်မှု လျော့နည်းလာသဖြင့် ကျိုးပေါက်သွားရခြင်း ဖြစ်ကြောင်း မြို့နယ်စည်ပင် ကော်မတီဦးစီးဌာနမှ သိရသည်။
“ငဟောက်၊ ငချိုင့်၊ ကဏန်းတွေ ဖောက်လို့ ပေါက်တာတော့ ဖြစ်နိုင်ခြေ နည်းပါတယ်။ ရေကာတာ သက်တမ်းက နှစ် ၇၀ ကျော် ရှိနေပြီး။ မြေသားမြေစည်းတွေက အရည်အသွေး ကျဆင်းလာတယ်။ မိုးဒဏ်နဲ့ လှိုင်းပုတ်ခတ်ပြီး ပင်လယ် ဒီရေတွန်းအား အချိန်ကြောင့် ကျိုးပေါက်သွားရတာပါ။ ဒီအတိုင်းသား ကျိုးပေါက်လိုက် ယာယီပြုပြုင်လိုက်နဲ့ဆိုရင် ရည်ရှည်မှာ မြို့ပေါ်အနိမ့်ပိုင်း ရပ်ကွက်တွေအတွက် အန္တရာယ် ရှိလာနိုင်ပါတယ်” ဟု ကျောက်ဖြူမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောကြားသည်။

အဆိုပါ ကမ်းထိန်းရေကာတာမှာ အရှည် ၄ ဒသမ ၆၃ မိုင်ရှိပြီး င/လပွေ့ တံတားမှ ပြင်ဖြူမော်ကျေးရွာထိ ပေ ၆၀၀၀ ခန့်အား ၁၉၇၁ ခုနှစ်မတိုင်မီက ဆည်မြောင်း ၀န်ကြီးဌာနမှ တည်ဆောက်ပေးခဲခြင်းဖြစ်ရာ တာပေါင်နေရာ အချို့မှာ မိုးဒဏ်ကြောင့် မြေသားများ နိမ့်ကျခြင်း၊ ပင်လယ်ဒီရေလှိုင်းများ ရိုက်ပုတ်ခြင်း၊ ဒီရေတွန်းအား အရှိန်ကြောင့် ထပ်မံကျိုးပေါက်သွားမည်ကို မြို့ခံများက စိုးရိမ်ပူပင်မှုများ ရှိနေကြပြီး ယင်းရေကာတာအား အရည်အသွေး မြှင့်တင် တည်ဆောက်ရန် လိုလားနေကြသည်။

ကျောက်ဖြူမြို့၏ တောင်ဘက်ပိုင်းရှိ ပြင်ဖြူမော်နှင့် ငလပွေ့ တံတားအကြားတွင် ယခုနှစ်ဇွန် ၃ ရက်က ကမ်းထိန်းရေကာတာ ၁၅ ပေခန့် ကျိုးပေါက်သွားခြင်းနှင့် ပတ်သက်ပြီး ကဏန်းများ ထိုးဖောက်ခြင်းကြောင့် ကျိုးပေါက်သွားရခြင်း ဖြစ်သည်ဟု ပြည်နယ်လွတ်တော် အမတ်တစ်ဦးက မီဒီယာတစ်ခုသို့ ပြောကြားခဲ့မှုကြောင့် မြို့ခံများအကြား ရေကာတာ ပြင်ထန်စွာ ကျိုးပေါက်သွားမည်ကို စိုးရိမ်နေကြသည်။

“ဒီဆည်ကျိုးပေါက်သွားရင် ပြင်ဖြူမော်ကျေးရွာ၊ ဆားပြင်ကွင်းရပ်ကွက် စေတီတောင်၊ ကလာဘာတောင်၊ ကညင်တောစတဲ့ ရပ်ကွက်တွေ ရေလျှံနိုင်ပါတယ်။ ရာသီဥတုတွေ ဆိုးရွာလာတဲ့အတွက် အခိုင်အမာ တည်ဆောက် ကာကွယ်ဖို့ လိုလာပါပြီး။ ဒီကိစ္စကို ပြည်နယ်လွတ်တော်ကို တင်ပြသွားဖို့ အစီအစဉ် ရှိပါတယ်” ဟု ရခိုင်အမျိုးသားပါတီမှ ပြည်နယ်လွတ်တော်အမတ် ဦးဖိုးစံက ပြောကြားသည်။

ကျောက်ဖြူမြို့တစ်ပတ် ကမ်းထိန်းရေကာတာ တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး လုပ်ငန်းစဉ် ခြောက်ခုဖြင့် ပြည်နယ်အစိုးရမှ  ကျပ် ၃၆၉ သန်း တောင်းခံထားကြောင်း ကျောက်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment