17.8.16

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ၁၉၈၂ ဥပဒေအရ နိုင်ငံသားပြုမှုကို သေချာစိစစ်ခြင်း မပြုဘဲ နိုင်ငံသား (သို့တည်းမဟုတ်) နိုင်ငံသားပြုခွင့်ရသူအဖြစ် ထောက်ခံတင်ပြပေးနေကြောင်း ဒေသခံများ ပြောကြား

ဘင်္ဂါလီများကို နိုင်ငံသားစိစစ်ရာတွင် တစ်ဦးချင်းခေါ်ယူ စစ်ဆေးခြင်းမရှိဘဲ အချိန်တိုအတွင်း နိုင်ငံသား (သို့တည်းမဟုတ်) နိုင်ငံသားပြုခွင့်ရသူအဖြစ် ထောက်ခံ တင်ပြပေးနေကြောင်း ဒေသခံများက ပြောကြားပြီး ထိုသို့ ထောက်ခံ တင်ပြလိုက်ခြင်းကို ဘူးသီးတောင် မြို့ခံလူထု မကျေနပ်မှုများ ပေါ်ပေါက်နေကာ မြို့နယ်စုံစမ်း စစ်ဆေးရေးအဖွဲ့ကို အယုံအကြည် မရှိကြောင်း ရှုတ်ချသွားမည်ဟု သိရသည်။
ဘူးသီးတောင်မြို့နယ်အတွင်း နိုင်ငံသားလျှောက်ထားသည့် ဘင်္ဂါလီများကို မြို့နယ်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့က သေသေချာချာ စုံစမ်းစစ်ဆေးခြင်း မပြုလုပ်ဘဲ ထောက်ခံချက်ဖြင့် ပြည်နယ်အဆင့်သို့ တင်ပြလိုက်သည့် အပေါ်တွင် မကျေမနပ် ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။

ယခင်အစိုးရလက်ထက်က နိုင်ငံသား စစ်ဆေးရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သူ ဘူးသီးတောင်မြို့ခံ ဦးဇော်ဝင်းက “ဘူးသီးတောင်မှာ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနဲ့ ဘင်္ဂါလီတွေကို စိစစ်တဲ့အခါမှာ စာရွက်ပေါ်မှာပဲ ထောက်ခံချက် ရေးထားကြတယ်။ စိစစ်ရေးအဖွဲ့ဟာ တစ်ဦးချင်း ခေါ်ယူစစ်ဆေးခြင်း မရှိဘူး။ နောက်စိစစ်ရေး အဖွဲ့မှာပါတဲ့ အချို့ဟာ ၈၂ ဥပဒေဟာ ဘာမှန်းမသိတဲ့ လူတွေဖြစ်နေတယ်။ မြို့နယ်လ၀က ဦးစီးမှူးက သူတို့မူဘောင်အတိုင်း ချမှတ်ထားတဲ့အတိုင်း လူထုကို ချပြခြင်းမရှိဘဲ ပွင့်လင်းမြင်သာမှု မရှိဘဲ အချိန်တိုအတွင်းမှာ ဒီဘင်္ဂါလီတွေကို နိုင်ငံသား (သို့တည်းမဟုတ်) နိုင်ငံသားပြုခွင့်ရသူအဖြစ် ထောက်ခံတဲ့အပေါ်မှာ မြို့လူထု မကျေနပ်ကြဘူး။ ဘင်္ဂါလီ အရေအတွက်ကိုတော့ ၂၉ လား၊ ၃၂ လား အတိအကျ မသိပေမယ့် သြဂုတ် ၁၄ ရက်ကတော့ ပြည်နယ်ကို တင်လိုက်ပြီဆိုတာ သိရတယ်။ ဒီလို အချိန်တို အတွင်းမှာ ခေါ်ယူစစ်ဆေးတာ မလုပ်ဘဲ ထောက်ခံချက် ရေးထိုးတင်ပြလိုက်တဲ့ အပေါ်မှာ ဘူးသီးတောင်မြို့ခံတွေက မကျေနပ်လို့ မြို့ပေါ်သံဃာတော်တွေနဲ့ ဒေသခံတွေက ဘာတွေဆက်လုပ်ကြမလဲ ဆိုတာကို မနေ့က ဆွေးနွေးကြတယ်။ ကျွန်တော်တို့က ဒီစုံစမ်း စစ်ဆေးရေးအဖွဲ့ကို အယုံအကြည် မရှိဆိုပြီး ရှုတ်ချပွဲတစ်ခုလုပ်ဖို့ သဘောတူကြတယ်” ဟု ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မောင်တောခရိုင်လ၀ကမှ ခရိုင်ဦးစီး အရာရှိအား ဆက်သွယ်မေးမြန်းရာ “မြို့နယ်အဖွဲ့က တက်လာတဲ့ အမှုတွဲကို စိစစ်ပြီးတော့ ၃၁ မှုကို ပြည်နယ် စုံစစ်အဖွဲ့ကို တင်ပြထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံသားရမယ်၊ မရမယ်ဆိုတာက ဗဟိုအဖွဲ့က ဆုံးဖြတ်တဲ့အခါမှ ဖြစ်မှာပေါ့နော်။ ဒါပေမဲ့ နိုင်ငံသား လုပ်ပေးလိုက်တာတော့ မဟုတ်ပါဘူး။ အထောက်အထားတွေနဲ့ တင်ပြလိုက်တာ” ဟု မောင်တောခရိုင် လ၀ကမှ ခရိုင်လ၀ကမှူး ဦးသန်းရွှေက ဆိုသည်။

ထို့ပြင် လက်ရှိ ဘူးသီးတောင်မှ ပြည်နယ်အဆင့်သို့ တင်ပြထားသည့် အမှုများမှာ အမှုသစ်များ မဟုတ်ဘဲ ၂၀၁၅ ခုနှစ်မှ မြို့နယ်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးပြီး အမှုတွဲများဖြစ်ကြောင်းနှင့် အမှုတွဲများကို တင်ပြရာတွင် နိုင်ငံသား (သို့မဟုတ်) ပြုနိုင်ငံသားစသည်ဖြင့် မှတ်ချက်ပြု တင်ပြခြင်းဖြစ်သော်လည်း ဗဟိုအဖွဲ့၏ ဆုံးဖြတ်ချက်ခံယူရန် တင်ပြခြင်းဟု ဆိုသည်။

“ဘူးသီးတောင်မှာ တင်လိုက်တဲ့ အမှုတွဲတွေက ဟိုးအရင်ကတည်းက ၂၀၁၅ ခုနှစ်က စုံစစ်အဖွဲ့တွေ ထိုင်ပြီးသား အမှုဟောင်းတွေလို့ ပြောပါတယ်။ တင်ပြတဲ့ အခါမှာတော့ ပုဒ်မ (၆)၊ ပြုနိုင်ငံသားဆိုရင် ပြုနိုင်ငံသားပေါ့။ ပုဒ်မ (၆၅) အရ ဗဟိုအဖွဲ့ရဲ့ ဆုံးဖြတ်ချက် ခံယူသင့်တယ်ပေါ့။ ဒါတွေတော့ပါမှာပေါ့။ အခုလောလောဆယ်မှာတော့ မောင်တောမှာ အမှုသစ် ၂၉ မှု ရှိပါတယ်။ မောင်တောမှာတော့ ပြည်နယ်ကို မတင်ရသေးဘူး။ မြို့နယ်စုံစမ်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးရဦးမယ်” ဟု ခရိုင်လ၀ကမှူးက ပြောကြားသည်။

လက်ရှိတွင် မောင်တောခရိုင်တွင် နိုင်ငံသား လျှောက်ထားမှု စုစုပေါင်းအမှုတွဲ ၆၀ ရှိနေပြီး မောင်တောမြို့နယ်တွင် နိုင်ငံသား စိစစ်ခံမည့် အမှုတွဲ ၂၉ မှုရှိနေပြီး မြို့နယ် အဆင့်မှ စစ်ဆေးရန်ရှိနေကြောင်း ခရိုင်လ၀ကမှ သိရသည်။

ထို့ပြင် မြို့နယ်အဆင့် နိုင်ငံသားစုံစမ်း စစ်ဆေးရေးအဖွဲ့က ပြည်သူကို တစ်စုံတစ်ရာ ချပြခြင်းမရှိ၊ ပွင့်လင်းမြင်သာမှု မရှိဘဲ ဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး ဘူးသီးတောင် မြို့နယ် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ကန့်ကွက်ကြောင်း စာတစ်စောင်ကို ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဆီ တင်ပြသွားရန်ရှိကြောင်း သိရသည်။

“အခု မောင်တောမှာဆိုရင် တိုင်းရင်းသားလူဦးရေ နှစ်ရာခိုင်နှုန်း မပြည့်တော့ဘူး။ ဘူးသီးတောင်မှာဆိုရင် ခုနစ်ရာခိုင်နှုန်း မပြည့်တော့ဘူး။ ဒါတွေကို မစဉ်းစားဘဲ လုပ်နေတာနဲ့ ပတ်သက်ပြီး ဒီစုံစမ်းစစ်ဆေးရေး အဖွဲ့ကို ကန့်ကွက်ကြောင်း စာတစ်စောင်ကို ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဆီကို လိပ်မူပြီး လွှတ်တော်ကိုပို့ဖို့ ယာယီ ဆုံးဖြတ်ထားကြတယ်။ စုံစမ်း စစ်ဆေးရေးအဖွဲ့က လုံးဝချပြတာ မရှိသလို ပွင့်လင်းမြင်သာမှု လုံးဝမရှိဘူး။ အခုကလည်း ကျွန်တော်တို့ သတင်းကြားလို့ စုံစမ်းမှ သိရတာပါ။ ဒီကိစ္စရပ်တွေကို ကျွန်တော်တို့က မဲထည့်ရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်နယ်အစိုးရကို လွှတ်တော်ကတစ်ဆင့် တိုက်တွန်းပြောဆိုမယ်လို့တော့ ယုံကြည်ပါတယ်” ဟု ဘူးသီးတောင်မြို့ခံ ဦးဇော်ဝင်းက ဆိုသည်။ ရခိုင်ပြည်နယ်တွင် ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေဖြင့် ဘင်္ဂါလီများကို နိုင်ငံသားစိစစ်မှုများကို မြေပုံမြို့နယ်၊ ကျောက်ဖြူ မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်နှင့် မြို့နယ်တချို့၌ ယခင်အစိုးရ လက်ထက်က ဆောင်ရွက်ခဲ့ပြီး အစိုးရသစ် လက်ထက်တွင်လည်း ရခိုင်ပြည်နယ်တွင် NVC လုပ်ပေးခြင်းနှင့် ၁၉၈၂ ဥပဒေဖြင့် နိုင်ငံသားစစ်ဆေးရေး လုပ်ငန်းများကို မြို့နယ်အဆင့်၊ ပြည်နယ်အဆင့် စုံစမ်းစစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်းစစ်ဆေးနေခြင်းဖြစ်ပြီး ဗဟိုအဆင့်တွင် ၀န်ကြီးငါးဦး ပါဝင်သော ဆုံးဖြတ်ရေး အဖွဲ့တို့ဖြင့် ဆောင်ရွက်လာနေခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်အဆင့်၊ ပြည်နယ်အဆင့် စုံစမ်း စစ်ဆေးရေး အဖွဲ့ဝင်များတွင် ပြည်သူလူထု ကိုယ်စားပြုအဖွဲ့ဝင်များ မပါဘဲ ဌာနဆိုင်ရာ ၀န်ထမ်းများကို အစားထိုး ဖွဲ့စည်းထားခြင်းအပေါ် ကန့်ကွက်မှုများ ရှိနေသည်။   
Credit To >>> Eleven Media Group

0 comments:

Post a Comment