17.8.16

အစိုးရသစ်လက်ထက် ငါးနှစ်အတွင်း တန်ဖိုးနည်းအိမ်ခန်း တစ်သိန်းရှစ်သောင်း ဖော်ဆောင်သွားရန် စီစဉ်ထားသော်လည်း မြေနေရာ မရသေးဟုဆို

လက်ရှိအစိုးရသစ်လက်ထက် ငါးနှစ်အတွင်း တန်ဖိုးနည်းအိမ်ရာ တစ်သိန်းရှစ်သောင်း ဖော်ဆောင်သွားရန် စီစဉ်ထားသော်လည်း မြေနေရာ မရသေးကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးကျော်လင်းက သြဂုတ် ၁၆ ရက် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပသည့် အစိုးရသစ်၏ ပထမ ရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ အခမ်းအနား၌ ပြောကြားသည်။
တန်ဖိုးနည်း အိမ်ရာသည် လူတိုင်း လိုလားနေသည့် အရာဖြစ်သည့် အစိုးရပိုင်း အနေဖြင့် သာမက ပုဂ္ဂလိကနှင့် ပူးပေါင်းကာ အိမ်ခန်းများ ဖော်ထုတ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“တန်ဖိုးနည်း အိမ်ရာဟာ လူတိုင်း လိုလားနေတဲ့အရာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပုဂ္ဂလိကပိုင်း အနေနဲ့ရော၊ အစိုးရပိုင်း အနေနဲ့ရော နှစ်ပိုင်းလုံးနဲ့ပါ ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။ အစိုးရပိုင်းက ဖော်ဆောင်တာ ဖြစ်သလို ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပါဝင်ချင်တဲ့ Public, private, partnership ဆောင်ရွက်လိုတဲ့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူ အားလုံးကိုလည်း ဖိတ်ခေါ်ပါတယ်” ဟု ဦးကျော်လင်းက ပြောကြားသည်။

ရန်ကုန်မြို့တွင် တန်ဖိုးနည်း အိမ်ခန်းပေါင်း ၈၀၀၀ ဖော်ဆောင်ရန် စီစဉ်ထားပြီး ယင်းအတွက်လည်း မြေနေရာ ရရှိထားပြီဖြစ်ကြောင်း သိရသည်။

“ရန်ကုန်မြို့မှာ တန်ဖိုးနည်းအိမ်ခန်း ၈၀၀၀ ဖော်ဆောင်ဖို့ အတွက်တော့ မြေနေရာ ရထားပါပြီ။ ဒါပေမဲ့ အစိုးရသစ် လက်ထက် ငါးနှစ်အတွင်း ဖော်ဆောင်မယ့် တစ်သိန်းရှစ်သောင်းအတွက် မြေနေရာ ဆက်လက်ရှာဖွေသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

အစိုးရသစ် လက်ထက် ရက် ၁၀၀ အတွင်း ကျပ်သိန်း ၁၀၀ အောက်ရှိမည့် တန်ဖိုးနည်းအိမ်ရာ နမူနာ စီမံကိန်းနှစ်ခုကို နေပြည်တော်တွင် အကောင်အထည်ဖော်လျက် ရှိကြောင်း၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရွှေ့နံ့သာရပ်ကွက်တွင် အကောင်အထည် ဖော်နေခြင်းဖြစ်ပြီး အဆိုပါ စီမံကိန်းကို မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ အဆောက်အအုံ ဦးစီးဌာနသို့ လုပ်ငန်းအပ်နှံမှုဖြင့် အဆောက်အအုံ ဦးစီးဌာန၊ အဆောက်အအုံ အထူးအဖွဲ့ (၂) မှ (၈) ခန်းတွဲ (၅) ထပ် အိမ်ခန်း ၄၀ ပါ သံကူကွန်ကရစ် RC အဆောက်အအုံ တစ်လုံးနှင့် သံထည် Steel Structure အဆောက်အအုံ တစ်လုံး စုစုပေါင်း အဆောက်အအုံနှစ်လုံး တည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၁၆ ခုနှစ် မေ ၂၆ ရက်က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment