15.8.16

အရန်ဆန်ဝယ်ရန် ဘက်ဂျက်ခွင့်မပြု

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဦးစီးဝယ်ယူမည့် နိုင်ငံတော် အရန်ဆန် ဝယ်ယူရေး အစီအစဉ်အတွက် ဘက်ဂျက်ခွင့်ပြုခြင်း မရှိကြောင်း အဆိုပါ ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် (ဝန်ကြီးရုံး) ဦးမြင့်စိုးက ပြောကြားသည်။
“ဘက်ဂျက်မကျဘူး။ သိသလောက်တော့ ဒီနှစ်ဘက်ဂျက်အတွက် အရန်ဆန်ဝယ်ဖို့ ခွင့်မပြုဘူး။ ဒီနှစ်ဘက်ဂျက်မှာ မပါဘူး” ဟု ၎င်းက ဆိုသည်။

သဘာဝဘေးအန္တရာယ်နှင့် အခြားဘေးအန္တရာယ်များကြောင့် ပြည်တွင်းဆန်လိုအပ်ချက်များ ရှိပါက ဖြည့်ဆည်းထောက်ပံ့ရန်အတွက် ယခုနှစ်အတွင်း အရန်ဆန်တန်ချိန် သုံးသောင်း ဝယ်ယူသွားမည် ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနမှ ယခုနှစ် အစောပိုင်းတွင် ထုတ်ဖော်ပြောဆိုထားသည်။ 

သို့သော် ဘက်ဂျက်အခြေအနေကြောင့် ဝယ်ယူနိုင်ခြင်း မရှိသေးချေ။ 

ယခုနှစ် အစောပိုင်းက ဖြစ်ပေါ်ခဲ့သော အင်အားကောင်းသော အယ်နီညို သက်ရောက်မှု ဖြစ်စဉ်ကြောင့် ဆန်ထုတ်လုပ်မှုအပေါ် သက်ရောက်မှု ရှိနိုင်သည့်အတွက် အရန်ဆန်ဝယ်ရန် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က တင်ပြခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သည့်နှစ် ရေကြီးရေလွှမ်းမှုကြောင့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးခဲ့ပြီး ပြည်တွင်းဆန်ထုတ်လုပ်မှု ထိခိုက်ခဲ့ကာ ယခုနှစ်တွင်လည်း အယ်နီညို သက်ရောက်မှုနှင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံအနှံ ရေကြီးရေလျှံမှုများကြောင့် ပြည်တွင်းဆန်ထုတ်လုပ်မှုအပေါ် သက်ရောက်မှု ရှိနိုင်ကြောင်း ဆန်လုပ်ငန်းရှင်များက ဆိုသည်။

သို့သော် လက်ရှိအနေအထားအရ ပြည်တွင်းဆန်ဖူလုံမှုအတွက် စိုးရိမ်စရာ မရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်က The Voice သို့ ပြောဆိုသည်။
“ပြည်တွင်းဆန်အတွက် အလုံအလောက်ရှိတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် သဘာဝဘေးကြောင့် ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်နေပြီး ဆန်တစ်အိတ်လျှင် ကျပ် ၁၀၀၀ မှ ကျပ် ၂၀၀၀ ခန့် ဈေးပိုမြင့်တက်လာကြောင်း ပြည်တွင်းဆန်ဈေးကွက် အတွင်းမှ သိရသည်။

မြန်မာနိုင်ငံသည် တစ်နှစ်လျှင် ပြည်တွင်းဆန်စားသုံးမှုအတွက် တန်ချိန် ရှစ်သန်းခန့် လိုအပ်မည်ဖြစ်ကြောင်း ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းပြုလုပ်သည့် လူတစ်ဦးချင်း ဆန်စားသုံးမှု စစ်တမ်းအရ သိရသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment