15.8.16

သက်တမ်းရင့် နှစ်ရှည်ပင်များ ခုတ်လှဲ၍ လွှတ်တော်အသစ် ဆောက်ရန် အစီအစဉှ်SNLD ပါတီကန့်ကွက်

ရှမ်းပြည်နယ် တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ သက်တမ်းရင့် နှစ်ရှည်ပင်များ ခုတ်လှဲ၍ လွှတ်တော် အဆောက်အအုံသစ် ဆောက်လုပ်မည့် အစီအစဉ် ရပ်ဆိုင်းပေးရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)ပါတီက ကန့်ကွက်စာ ထုတ်ပြန်ခဲ့သည်။
လွှတ်တော်အဆောက်အအုံ တည်ဆောက်ရန်အတွက် သက်တမ်းရင့်နှစ်ရှည် အပင်များကို ခုတ်ထွင် ရှင်းလင်းခြင်းသည် သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ဖြစ်တည်မှုကို ဖျက်ဆီးရာ ရောက်စေနိုင်ကြောင်း SNLD ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“နှစ်ရှည်သစ်ပင်တွေ ခုတ်ပြီး လွှတ်တော်အဆောက်အအုံ တည်ဆောက်မည့် အစီအစဉ် ကန့်ကွက်တယ်။ သစ်ပင်စိုက်မယ့်သူက မရှိဘူး၊ ခုတ်မယ့်သူတွေက အရန်သင့်ပဲ။ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းသင့်တယ်”ဟု SNLD ပါတီ ကျောက်မဲ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က ပြောသည်။

အလားတူ ရှမ်းပြည်နယ် လွှတ်တော်အတွက် လွှတ်တော် အဆောက်အအုံသစ် ဆောက်လုပ်ရန် မလိုအပ်ပါက ကုန်ကျမည့် အသုံးစရိတ်များကို အခြား ဖွံ့ဖြိုးရေး ကဏ္ဍများတွင် ထည့်သွင်း အသုံးပြုရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

“ဒီက အဆောက်အအုံတွေ အားလုံးက ပြည့်စုံတယ်။ အသစ်ဆောက်ဖို့ မလိုဘူး။ ဒီစီမံကိန်းက ငွေဖြုန်းတဲ့ စီမံကိန်းဖြစ်တယ်”ဟု ဦးစိုင်းထွန်းဉာဏ်က ဆိုသည်။

အလားတူ လွှတ်တော် အဆောက်အအုံ တည်ဆောက်မည့် စီမံကိန်းကြောင့် သက်တမ်းရင့် နှစ်ရှည်ပင်များ ခုတ်လှဲမည့် အစီအစဉ်အား ရှမ်းပြည်နယ် SNLD ပါတီဝင်များနှင့် အရပ်ဘက် အဖွဲ့အစည်းများက ရှမ်းပြည်နယ် ဝန်ကြီးချုပ်ထံ အသီးသီး ကန့်ကွက်စာ ပေးပို့လျက်ရှိသည်။

“လွှတ်တော် အဆောက်အအုံ တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး တိတိကျကျ မသိသေးဘူး”ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး  ဦးဇွန်ဆိုင်းက ဆိုသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment