15.8.16

မြစ်ဆုံစီမံကိန်း ပြန်လည်ဆောင်ရွက်ရန် သင့်၊ မသင့် လူထုဆန္ဒနှင့်အညီ ဆောင်ရွက်သင့်ဟု ကြံ့ခိုင်ရေးပါတီ ပြောကြား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ မြစ်ဆုံ စီမံကိန်း ပြန်လည် ဆောင်ရွက်ရန် သင့်၊ မသင့်ကို လူထုဆန္ဒနှင့်အညီ ဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရီက ပြောဆိုသည်။
ကြံ့ခိုင်ရေးပါတီ အစိုးရလက်ထက်၌ ပြည်သူ့ဆန္ဒကို အလေးထားပြီး စီမံကိန်းကို ရပ်ဆိုင်းခဲ့ပြီး အလားတူ လက်ရှိအစိုးရအနေနှင့် စီမံကိန်းကို ပြည်သူ့ဆန္ဒနှင့်အညီ ဆောင်ရွက်သင့်ကြောင်း ၎င်းက ဆိုသည်။ 

“ဒီဘက်အပိုင်းက ကျွန်တော်တို့ အစိုးရ မဟုတ်တဲ့အခါကျတော့ သက်ဆိုင်ရာ အစိုးရရဲ့ ဆန္ဒအတိုင်းပေါ့ဗျာ။ ပြည်သူ့ ဆန္ဒက အရေးကြီးတယ်။ ဒီစီမံကိန်းကို ပြည်သူ့ဆန္ဒနဲ့အညီသာ ဆုံးဖြတ်သင့်တယ်”ဟု ဦးခင်ရီက ပြောသည်။

မြစ်ဆုံ စီမံကိန်း တည်ဆောက်နေခြင်းများကို အပြီးတိုင် ရပ်ဆိုင်းရန် အရပ်ဘက်အဖွဲ့များ၊ ပြည်သူများ၊ တိုင်းရင်းသား လက်နက်ကိုင် အချို့နှင့် နိုင်ငံရေး ပါတီများ ကန့်ကွက်ခြင်းများကြောင့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် နိုင်ငံ တော်သမ္မတ(ဟောင်း)  ဦးသိန်းစိန်က စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှုကို ဆိုင်းငံ့ရန် လွှတ်တော်မှတစ်ဆင့် ကြေညာခဲ့သည်။

“မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်က သမ္မတ ဘဝတုန်းက ပြည်သူ့ဆန္ဒကို အလေးထားပြီး မြစ်ဆုံ စီမံကိန်းကို ရပ်ဆိုင်းခဲ့တယ်”ဟု ဦးခင်ရီက ဆက်လက် ရှင်းပြ ပြောဆိုသည်။

မြစ်ဆုံစီမံကိန်း တည်ဆောက်ရန် ၂၀၀၆ ခုနှစ်၌ တရုတ် - မြန်မာ သဘောတူ စာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် တရုတ် အစိုးရပိုင်(CPI)ကုမ္ပဏီမှ ဦးဆောင် တည်ဆောက်ခဲ့ကာ စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ၊ မေခ၊ မလိခမြစ်များပေါ်ရှိ ရေကာတာ စီမံကိန်းများအတွက် ဒေါ်လာ ၂၀ ဘီလီယံ ရင်းနှီး မြှုပ်နှံ ထားပြီး စီမံကိန်းမှ ထွက်ရှိမည့် လျှပ်စစ် မဂ္ဂါဝပ် ၆၀၀၀ ကျော်ကို တရုတ်နိုင်ငံမှ အများဆုံး သုံးစွဲသွားမည် ဖြစ်သည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment