19.8.16

အဖမ်းအဆီး ကြမ်း၍ တရုတ်သို့ ဆန်တင်ပို့မှု ခေတ္တ ရပ်ဆိုင်း


တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့နေသော မြန်မာ့ဆန်များကို တရုတ် အစိုးရဘက်က အဖမ်းအဆီး များပြားနေခြင်းကြောင့် လတ်တလော တရုတ်နိုင်ငံဘက်သို့ ဆန်တင်ပို့မှု ခေတ္တ ရပ်ဆိုင်းထားကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။ 
''တရုတ်က ဖမ်းနေတော့ လောလောဆယ် ပို့လို့ မရဘူး။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် မသွားခင် ရက်ပိုင်းတုန်းကပေါ့။ ဘာပစ္စည်းမှ ပို့လို့ မရဘူး ဖြစ်နေတယ်။ အဲဒါကြောင့် ခဏ ရပ်ထားရတယ်''ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောဆိုသည်။

သြဂုတ်လ ၁၄ ရက်နေ့က မြန်မာ့ ဆန်၊ သကြားနှင့် ပြောင်းများ တင်ဆောင်သွားသည့် ကုန်တင်ယာဉ် အစီးရေ ၂ဝဝ ကျော်ကို တရုတ်နိုင်ငံဘက်က ဖမ်းဆီးထားကြောင်း မူဆယ် ကုန်စည်ဒိုင်ထံမှ သိရသည်။ 

မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှုမှာ တရုတ်နိုင်ငံသို့ ၈ဝ ရာခိုင်နှုန်းခန့် တင်ပို့နေခြင်းဖြစ်ပြီး ကျန် ၂ဝ ရာခိုင်နှုန်းမှာ ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်ပို့နေခြင်း ဖြစ်သည်။ 

ယခုနှစ်အတွင်း တရုတ်နိုင်ငံဘက်မှ ဆန်ဝယ်ယူမှုသည် ထက်ဝက်နီးပါးအထိ ကျဆင်းလျက်ရှိပြီး တရုတ်နိုင်ငံသို့ တင်ပို့သည့် အဓိက လမ်းကြောင်းဖြစ်သော မူဆယ် ဆန်ဈေးကွက်အတွင်းသို့ ယခင်က တစ်ရက်လျှင် ဆန်တန်ချိန် ၃ဝဝဝ မှ ၄ဝဝဝ ခန့်အထိ တင်ပို့နိုင်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် တစ်ရက်လျှင် တန်ချိန် ၁၅ဝဝ မှ ၂ဝဝဝ ခန့်သာ တင်ပို့နိုင်ကြောင်း အဆိုပါ ဆန်ဈေးကွက်အတွင်းမှ သိရသည်။ 
Credit To >>> The Voice Weekly

0 comments:

Post a Comment