29.9.16

မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ဖားကန့်မှ ရေမဆေးကျောက် ရှာဖွေသူများ သွားရောက် အကြံပြုနိုင်မည့် အစီအစဉ် ပျက်ပြယ်

မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ရေမဆေးကျောက် ရှာဖွေသူများ၏ အခန်းကဏ္ဍ ပါဝင်နိုင်ရန် ဖားကန့်မှ ရေမဆေးကျောက် ရှာဖွေသူများကိုယ်စား လူငါးဦးမှ ဥပဒေကြမ်း ကော်မတီသို့ သွားရောက်အကြံပြုမည့် အစီအစဉ် ပျက်ပြယ်ခဲ့ကြောင်း သိရသည်။ “သူတို့ဘက်က ပြန်ပြီး အကြောင်းပြန်လာတယ်။ ဒါကို ဖားကန့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ဖုန်းဆက် အကြောင်းကြားခဲ့တာပါ။ အခုက အမျိုးသားလွှတ်တော်မှာလည်း အလုပ်ရှုပ်နေတယ်။ ဒါကြောင့် တွေ့ဖို့ အချိန်မပေးနိုင်တော့ဘူးတဲ့။ ဒါပေမဲ့ ဖားကန့်မှာတော့ ဒီဥပဒေပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ဆွေးနွေးစရာရှိတာ ဆက်ဆွေးနွေးဦးမှာပါ” ဟု ဖားကန့်ကျောက်ဝိုင်းမှ ဦးသိန်းဝင်းက ပြောကြားသည်။ အစီအစဉ် မပျက်ပြယ်မီက ဥပဒေကြမ်း ကော်မတီတွင် ပါဝင်အကြံပြုနိုင်ရန် ဖားကန့်ရှိ ရေမဆေးကျောက် ရှာဖွေသူများနှင့် ၀ယ်ရောင်းလုပ်ကိုင်သူများအား ဖားကန့်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်မှတစ်ဆင့် ဖိတ်ကြားခဲ့ရာ ဖားကန့်တွင် လူထုအစည်းအဝေး ပြုလုပ်ခဲ့ပြီး ဒေသခံ တိုင်းရင်းသားနှင့် ၀ယ်ရောင်းကိုယ်စားပြု၊ ရေမဆေးကိုယ်စားပြုများ ပါဝင်သော လူငါးဦးအား ရွေးချယ်ထားခဲ့ကြောင်း သိရသည်။ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား သတ္တုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်သီဟက စက်တင်ဘာ ၂၂ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ရာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး လွှတ်တော်ဥပဒေကြမ်း ကော်မတီသို့ လွှဲအပ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။ အဆိုပါ ဥပဒေအား ၂၀၁၆ ခုနှစ်တွင် ပြည်ထောင်စု လွှတ်တော်က ဥပဒေအမှတ် ၂၃ ဖြင့် ဒုတိယအကြိမ် ပြင်ဆင်ခဲ့သည်။

Credit To >>>> Eleven Media Group

0 comments:

Post a Comment