29.9.16

၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၁၁ ဒသမ ၄၆ ရာခိုင်နှုန်းရှိပြီး အနည်းငယ်သာကျဆင်း


၂၀၁၆ ခုနှစ် သြဂုတ်လ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၁ ဒသမ ၄၆ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၁၆ ခုနှစ် ဇူလိုင်လတစ်နှစ် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၁၂ ဒသမ ၁၂ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်း အနည်းငယ် ကျဆင်းခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်း အဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။


တစ်နိုင်ငံလုံး၏ စားသုံးသူ ဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း စိစစ်ချက်အရ ၂၀၁၆ ခုနှစ် သြဂုတ်လအတွက် စားသုံးသူ ဈေးဆနှုန်းမှာ ၂၂၅ ဒသမ ၆၄ ရှိပြီး ၂၀၁၅ ခုနှစ် သြဂုတ်လ စားသုံးသူ ဈေးဆနှုန်း၂၁၂ ဒသမ ၃၄ နှင့် နှိုင်းယှဉ်ပါက ယခင်နှစ်ထက် မြင့်တက်လာကြောင်း သိရသည်။ ၂၀၁၆ ခုနှစ် သြဂုတ်လ တစ်နှစ်ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းမှာ ၁၁ ဒသမ ၄၆ ရာခိုင်နှုန်း ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဇူလိုင်လ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၁၂ ဒသမ ၁၂ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ဆက်လက် ကျဆင်းခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတွက် ၂၀၀၆ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူ ဈေးဆနှုန်းအပေါ် အခြေခံ၍ တွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၆ ခုနှစ် သြဂုတ်လအထိ တစ်နှစ်ပျမ်းမျှ (+) ၁၁ ဒသမ ၄၆ ရှိ၍ ဇူလိုင်လအထိ တစ်နှစ်ပျမ်းမျှ (+) ၁၂ ဒသမ ၁၂ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ဆက်လက် ကျဆင်းလာကြောင်းနှင့် ၂၀၁၆ ခုနှစ် သြဂုတ်လနှင့် ၂၀၁၅ ခုနှစ် သြဂုတ်လချင်း နှိုင်းယှဉ်ပါက နှစ်အလိုက် ပြောင်းလဲမှု (Year on Year Inflation) မှာ ၆ ဒသမ ၂၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူ ဈေးဆနှုန်းအပေါ် အခြေခံ တွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၆ ခုနှစ် သြဂုတ်လအထိ တစ်နှစ်ပျမ်းမျှ (+) ၉ ဒသမ ၉၅ ရာခိုင်နှုန်းရှိ၍ ဇူလိုင်လအထိ တစ်နှစ်ပျမ်းမျှ (+) ၁၀ ဒသမ ၅၈ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ငွေကြေး ဖောင်းပွမှုနှုန်း လျော့နည်းခဲ့ကာ ၂၀၁၆ ခုနှစ် သြဂုတ်လနှင့် ၂၀၁၅ ခုနှစ် သြဂုတ်လ၏ နှစ်အလိုက် ပြောင်းလဲမှုကို နှိုင်းယှဉ်ပါက (Year on Year Inflation) မှာ ၄ ဒသမ ၉၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း ချင်းပြည်နယ်သည် ၂၆ ဒသမ ၄၀ ရာခိုင်နှုန်းဖြင့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး ကယားပြည်နယ်သည် ၂၀ ဒသမ ၆၁ ရာခိုင်နှုန်းဖြင့် ဒုတိယ အမြင့်ဆုံးဖြစ်ကာ ရခိုင်ပြည်နယ်သည် ၂၀ ဒသမ ၁၅ ရာခိုင်နှုန်းဖြင့် တတိယ အမြင့်ဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း ချင်းပြည်နယ် ဟားခါးမြို့တွင် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းမှာ ၂၈ ဒသမ ၈၈ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ပြီး ကယားပြည်နယ် လွိုင်ကော်မြို့တွင် သြဂုတ်လအတွင်း ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းမှာ ၂၀ ဒသမ ၉၅ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သြဂုတ်လအတွင်း ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၉ ဒသမ ၅၉ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။ ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း မြစ်ကြီးနား၊ စစ်ကိုင်းနှင့် မော်လမြိုင်မြို့များသည် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း အနိမ့်ဆုံးမြို့များဖြစ်ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၁ ဒသမ ၆၈ ရာခိုင်နှုန်းခန့် ရှိနိုင်မည်ဖြစ်ကြောင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေ အဆိုပြုတင်ပြချက် အနှစ်ချုပ်တွင် ဖော်ပြထားချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၀၆ ခုနှစ် အခြေခံနှစ်အရ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၈၂ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၈၅ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၇၂ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၉၀ ရာခိုင်နှုန်း အသီးသီး ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများကြောင့်  အစားအစာ ဈေးနှုန်းများ တက်ခဲ့ကာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် စက်တင်ဘာတွင် ၈ ဒသမ ၆၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ဒုတိယကာလတို ငါးနှစ်စီမံကိန်းတွင် ဖော်ပြထားချက်အရ သိရသည်။ 

Credit To >>> Eleven Media Group

0 comments:

Post a Comment