29.9.16

ပခုက္ကူမြို့နယ် ကမ္မမြို့ အမှတ် (၂) ရပ်ကွက် အတွင်းမှ ဖြတ်သန်းသွယ်တန်းထားသည့် ကျောက်ခွက်ရေနံမြေမှ အရာတော် ရေနံမြေသို့ ပို့လွှတ်သော ရေနံပိုက်လိုင်း ယိုစိမ့်မှုဖြစ်ပွားရာ လူနေရပ်ကွက်အတွင်း ရေနံများပျံ့နှံ့ခဲ့

ပခုက္ကူမြို့နယ်၊ ကမ္မမြို့အမှတ် (၂) ရပ်ကွက်အတွင်းမှ ဖြတ်သန်းသွယ်တန်းထာသည့် ကျောက်ခွက်ရေနံမြေမှ အရာတော်ရေနံမြေသို့ ပို့လွှတ်သော ရေနံပိုက်လိုင်း စက်တင်ဘာ ၂၈ ရက် နံနက် ၈ နာရီခန့်က ယိုစိမ့်မှု ဖြစ်ပွားရာ လူနေရပ်ကွက်အတွင်း ရေနံများပျံ့နှံခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်၊ ကမ္မမြို့အမှတ် (၂) ရပ်ကွက်အတွင်း ဦးမျိုးဝင်း အိမ်ဝိုင်းအတွင်း မြေအောက်ရှိ ရေနံပိုက်လိုင်း နေရာမှ ရေနံများမှာ မြေပြင်ပေါ်သို့ ပန်းထွက်သည်ထိ ယိုစိမ့်မှု ဖြစ်ပွားခဲ့ရာမှ ရေနံများ ရပ်ကွက်အတွင်း ပျံ့နှံခဲ့ခြင်း ဖြစ်သည်။
“ဒီနေ့ မနက် ၇ နာရီ ၄၅ မိနစ်လောက် စပေါက်တာပါ။ ပထမ ရေတွေထွက်လာတယ်။ နောက်ရေနံတွေ ထွက်လာတယ်။ အဲဒီမှာ သက်ဆိုင်ရာကို အကုန်အကြောင်းကြားတယ်။ မီးဖိုတွေလည်းငြိမ်း မီးတွေလည်း ပိတ်လိုက်တယ်။ လူတွေလည်း ခဏရှောင် လိုက်တယ်။ လောင်စာဆီဆိုတော့ အတော်စိုးရိမ်ရတယ်။ လူသိတုန်း ပေါက်တာဆိုတော့ ထိန်းနိုင်ပေမယ့် အိပ်နေတုန်းပေါက်ပြီး လောင်ရင်တော့ တစ်ရပ်ကွက်လုံး ကုန်မှာပဲ။ ပြီးခဲ့တဲ့ လကလည်း အိမ်ထဲမှာပဲ ပိုက်လိုင်းက ပေါက်ထားတော့ အတော်စိုးရိမ်တယ်။ အိမ်ကို မနေရဲတော့ဘူး” ဟု ပိုက်လိုင်းမှ ရေနံယိုစိမ့်မှု ဖြစ်ပွားခဲ့သည့် နေအိမ်မှ ဦးမျိုးဝင်းက ပြောကြားသည်။
ရေနံအများအပြား မြေပြင်ပေါ်သို့ ယို စိမ့်ခဲ့ခြင်းကြောင့် အဆိုပါရပ်ကွက်နှင့် အနီးဝန်းကျင်နေရာအား လျှပ်စစ်မီးဖြတ်တောက်ခြင်းနှင့် မီးလောင်မှု ဖြစ်ပွားစေနိုင်သည့် မီးဖို မီး၊ ဆေးလိပ်မီးများ အသုံးပြုခြင်းအား တားမြစ်မှု ပြုလုပ်ထားခဲ့ကြောင်း သိရသည်။
“အရင်လ ၂၈ ရက်ကလည်း ဒီနေရာမှာပဲ ပေါက်တယ်။ အခု ၂၈ ရက်မှာ ထပ်ပေါက်တာဆိုတော့ တစ်လခြား နှစ်ကြိမ် ပေါက်တာပေါ့။ အရင်တစ်ခါလိုပဲ ယိုစိမ့်တဲ့ ရေနံပမာ ဏများပါတယ်။ ပိုက်တွေကလည်း ဆွေးနေပြီ။ သက်ဆိုင်ရာအနေနဲ့ ဒီပိုက်တွေကို လဲပေး ရင်ပေး မပေးရင်လည်း တခြားနေရာပြောင်း ပေးမှအဆင်ပြေမှာပါ။ ကျွန်တော်တို့ ရပ်ကွက်က လူနေအိမ်တွေကြားထဲ ပိုက်လိုင်းတွေက ဖြတ်သန်းနေတာ ဖြစ်တဲ့အတွက် အခုလို ပေါက်တဲ့အခါမှာ အငွေ့အသက်တွေက အတော်ပြင်းပါတယ်။ အရင်တစ်ကြိမ်က အငွေ့အသက်တောင် မပျောက်သေးပါဘူး။ ခဏခဏ ပိုက်တွေပေါက်နေရင် ပြည်သူတွေ အနေနဲ့လည်း အဆင်မပြေပါဘူး” ဟု ကမ္မမြို့ အမှတ် (၂) ရပ်ကွက်မှ ကိုဇော်လင်းမင်းက ပြောကြားသည်။
ယိုစိမ့်နေသည့် ရေနံများအား မြေသားများတား၍ ယာယီကန်ပြုလုပ်ပြီး ဆီဘောက်ဆာကားဖြင့် စုပ်ယူခြင်း၊ ဆီပီပါအလွတ် များအတွင်းသို့ ကော်ပုံးများဖြင့် ခပ်ထည့်ခြင်း များပြုလုပ်ခဲ့ရပြီး ယိုစိမ့်သည့် ရေနံပမာဏ ဂါလန်ထောင်နဲ့ချီ ရှိကြောင်း သိရသည်။
ရေနံပိုက်များ ဆွေးခြင်းကြောင့် ရေနံယိုစိမ့်မှု ဖြစ်ပွားရခြင်းဟု သက်ဆိုင်ရာမှ သုံးသပ်ထားပြီး ရေနံယိုစိမ့်သည့် နေရာသို့သာ ကြီးတောင်ရေနံမြေမှ တာဝန်ရှိသူများက လာရောက်ပြုပြင်မှုများ ပြုလုပ်နေသကဲ့သို့ မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်များဖြင့် လုံခြုံ ရေးရယူထားကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ် ၂၈ ရက်ကလည်း အဆိုပါ ပခုက္ကူမြို့နယ်၊ ကမ္မမြို့အမှတ် (၂) ရပ်ကွက်ရှိ ဦးလူချင်း နေအိမ်နှင့် ဦးမျိုးဝင်း နေအိမ်များ အတွင်းမှ ဖြတ်သန်းသွယ်တန်းထားသည့် ရေနံပိုက်များ ယိုစိမ့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ အတွင်းက ပခုက္ကူမြို့နယ်၊ ညောင်လှကျေးရွာအနီး ရေနံပိုက်လိုင်း ယိုစိမ့်မှုဖြစ်ပွားရာမှ မီးလောင်ကျွမ်းကာ ယိုဖိတ်နေသည့် ရေနံများအား လာရောက်ခပ်ယူသော ဒေသခံများ မီးလောင်သေဆုံးမှု ဖြစ်ပွားခဲ့သည်။
 Credit To >>> Eleven Media Group

0 comments:

Post a Comment