22.9.16

လူ့အခွင်အရေးကော်မရှင်မှ တာဝန်ရှိသူများအား မှုခင်းထိန်ချန်မှုဖြင့် တရားစွဲဆိုသွားရန်ရှိ ဟုဆို


မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများအား ရာဇ၀တ်ကြောင်းဖြင့် မှုခင်းထိန်ချန်မှု အပါအ၀င် တရားစွဲဆိုသွားရန်ရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် (HYGIENIC LEGAL CLINIC) မှ စက်တင်ဘာလ ၂၂ရက်က The Ladies သို့ပြောသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် အိမ်ဖော်အမျိုးသမီးငယ်များအား ညှဉ်းပမ်းနှိပ်စက်ခံရမှု နှင့် ပတ်သက်ပြီး ငွေကြေးဖြင့်ပြေလည်အောင် ညှိနှိုင်းပြီး အမှုဖွင့်အရေးယူရေး ဆောင်ရွက်ရန် ပျက်ကွက်မှုသည် ကြီးမားသည့် အမှုကိစ္စဖြစ်သည့် အတွက်ဆိုကာ တရားစွဲဆိုသွားရန် ရှိကြောင်း ဆိုသည်။
ဦးရောဘတ်စန်းအောင်က “သူတို့ဆီက ထုတ်ပြန်တဲ့အချက်တွေလည်း စုဆောင်းနေတယ်။ စုဆောင်းနေတယ် ဆိုတာက အခုလတ်တလော မှုခင်းထိန်ချန်မှုက အဓိကဖြစ်တာပေါ့။ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာက ရာဇ၀တ်မှုရဲ့ စစ်ဆေးပိုင်ခွင့်အာဏာ ရှိတဲ့အတွက် ဒီအမှုကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ကို တင်မှာဖြစ်တယ်။ တကယ်ပဲလုပ်မှာဖြစ်ပါတယ်” ဟု ပြောသည်။
တရားစွဲဆိုခွင့်ရနိုင်ရန် အချက်အလက်များ စုဆောင်းလျက်ရှိပြီး မီဒီယာများမှ သတင်းမှတ်တမ်းများ၊ ရုပ်သံမှတ်တမ်း အချက်အလက်များ ကို စုဆောင်းနေကြောင်းဆိုသည်။ အချက်အလက်များ စုဆောင်းရရှိသည့်နှင့် အဆိုပါကော်မရှင် သည် သမ္မတအမိန့်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည့်အတွက် ယင်းတို့အား တရားစွဲဆိုနိုင်ရန် သမ္မတထံ ခွင့်တောင်းရမည်ဖြစ်ပြီး သမ္မတမှ ခွင့်ပြုသည့်နှင့် တရားစွဲဆိုခြင်းအမှု ပြုနိုင်မည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။
“သူတို့တွေ့ဆုံဆွေးနွေးတဲ့ အချက်တွေ ဒီဒဏ်ရာတွေ အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ အချက်အလက်တွေ စုဆောင်းနေပါတယ်။ စုဆောင်းပြီးတာနဲ့ လဆန်းပိုင်းလောက်မှာ စပြီး နိုင်ငံတော် သမ္မတကြီးဆီမှာ တရားစွဲဆိုခွင့်ပြုမိန့် တောင်းခံပါမယ်။ တရားစွဲဆိုခွင့်ပြုမိန့် ရပြီဆိုတာနဲ့ ကျနော် စတင်တရားစွဲဆိုမှာပါ” ဟု ပြောသည်။
ယင်းနှင့်အတူ မြန်မာနိုင်ငံ လူ့အခွင်ရေးကော်မရှင်မှ တာဝန်ရှိသူများကို တရားစွဲဆိုရန် ကိစ္စပတ်သက်ပြီး မြန်မာနိုင်ငံ ရှေ့နေကွန်ရက်မှ ရှေ့နေများ၊ လူ့အခွင့်အရေး စိတ်ဝင်စားသည့် ရှေ့နေများ ပါဝင်မည်ဖြစ်ကြောင်း ဦးရောဘတ်စန်းအောင်က ပြောသည်။



Credit To >>> The Ladies News

0 comments:

Post a Comment