22.9.16

မိုးလွန်ကာလ ဘင်္ဂလားပင်လယ်အော်၌ ဆိုင်ကလုန်းမုန်တိုင်း သုံးကြိမ်ဖြစ်နိုင်

မိုးနှောင်းကာလအလွန် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ဘင်္ဂလားပင်လယ်အော်၌ ဆိုင်ကလုန်းမုန်တိုင်း သုံးကြိမ်ခန့်ဖြစ်နိုင်သည့်အတွက် မုန်တိုင်းအန္တရာယ်ကို သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

အောက်တိုဘာလနှင့် နိုဝင်ဘာလတို့သည် ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်တတ်သည့် ရာသီဖြစ်ရာ ယခုနှစ်တွင် ဆိုင်ကလုန်းမုန်တိုင်းသုံးကြိမ် ခန့်ဖြစ်နိုင်ကြောင်း၊ ယခုနှစ်မိုးလွန်ကာလတွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာခဲ့ပါက မြန်မာနိုင်ငံက အဆိုပြုထားသည့်အမည်ပေးရန် အလှည့်ကျရာ "ကြံ့"ဟူ၍အမည်ပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ယင်းကာလအတွင်း မိုးရွာသွန်းမှုပုံစံအမျိုးမျိုးရှိနိုင်ရာ အဓိကအားဖြင့် ဘင်္ဂလားပင်လယ်အော်အတွင်းဖြစ်သည့် မုန်တိုင်းများအရှိန်ကြောင့် နေရာအနှံ့အပြားတွင် မိုးရွာခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း၊ ထို့ပြင်မှတ်တမ်းများအရ မိုးနှောင်းကာလအတွင်း ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်သည့် ဆိုင်ကလုန်းမုန်တိုင်းများသည် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ဖူးသည့်အတွက် မုန်တိုင်းအန္တရာယ်ကို အထူးသတိပြုရန်လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။

"၂၀၁၀ အောက်တိုဘာ ၂၁ နဲ့ ၂၂ ရက်နေ့တွေမှာ ဂီရိမုန်တိုင်းကြီး ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသတွေကို ဖြတ်ကျော်ခဲ့တာရှိဖူးတယ်”ဟု ဦးကျော်လွင်ဦးက ဆိုသည်။

လက်ရှိ ကျောက်ဖြူနှင့် ရန်ကုန်မြို့ရှိ မိုးလေဝသရေဒါနှစ်ခုမှ သဘာဝဘေးအန္တရာယ်သတင်းနှင့် အသိပေးချက်များကို အချိန်နှင့် တစ်ပြေးညီထုတ်ပြန်ပေးနိုင်မည်ဖြစ်ရာ မုန်တိုင်းအန္တရာယ်လျော့ပါးရေးအတွက် လိုအပ်သည့် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင် မှုများဆောင်ရွက်ထားသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment