22.9.16

NLD အစိုးရသစ်လက်ထက်တွင် ၂၀၀၈ အခြေခံဥပဒေကို လိုရာဆွဲအသုံးပြုခဲ့ဟု တပ်မတော်ဝေဖန်


အစိုးရသစ်လက်ထက် လွှတ်တော်တွင် ဥပဒေကြမ်းများကို ပြဋ္ဌာန်းခြင်း ရုတ်သိမ်းခြင်း များ ပြုလုပ်ရာတွင် ဥပဒေပြုရေး တာဝန်ရှိသူများသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုရာဆွဲအသုံးပြုခဲ့သည်ဟု တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးမြင့်မောင်က စက်တင်ဘာ ၂၀ ရက်လွှတ်တော်အစည်းအဝေးတွင် ပြောဆိုခဲ့သည်။
 
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် “နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေးဆိုင်ရာ ဥပဒေကြမ်း” ကို ၀င်ရောက်ဆွေးနွေးရာ တွင် ဗိုလ်မှူးမြင့်မောင်က ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
 
ဒုတိယအကြိမ် လွှတ်တော် သက်တမ်းကာလတွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံဆိုင်ရာ ပုဂ္ဂိုလ် ဥပဒေ၊ နိုင်ငံတော်မှ နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ၊ လွှတ်တော် ၂ ရပ်တွင် ဆွေးနွေးဆဲ ဖြစ်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေး ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းများကို ပြဌာန်းခြင်း၊ ရုပ်သိမ်းခြင်းများ ပြုလုပ်ရာတွင် ဥပဒေပြုရေး တာဝန်ရှိသူများသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လွဲရာဆွဲ အသုံးပြုခဲ့သည်ဟု ဗိုလ်မှူးမြင့်မောင်ကပြောသည်။
 
အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကိုလေ့လာပါက ဥပဒေပြုရေး တာဝန်ယူထားကြသည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါပြဋ္ဌာန်းချက်များကို လိုရာဆွဲကာ အသုံးပြုနေသည်ကို တွေ့ရရှိရသည်။ ပြဋ္ဌာန်းပြီးသည့် ဥပဒေတစ်ခုကို ထိရောက်စွာ အသုံးမချနိုင်မီ မကြာခဏ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများလည်း မပြုသင့်ကြောင်း၊ သေသေချာချာ လေ့လာသုံးသပ်ကာ ဘက်ပေါင်းစုံမှ ရေးဆွဲအတည်ပြုပြီး အကျိုးစီးပွားခိုင်မာသည့် ဥပဒေတစ်ရပ် ဖြစ်နေပါလျက် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားနဲ့ လုံခြုံရေးကို ထိခိုက်အားနည်းစေမည့် အချက်များဖြင့် အဆောတလျင် ရုပ်သိမ်းခြင်းနှင့် ပြဋ္ဌာန်းခြင်း များကို မပြုသင့်ကြောင်း တပ်မတော်သား ကိုယ်စားလှယ်က ပြောသည်။
 
ဥပမာအားဖြင့် လွှတ်တော်တွင် အရေးပေါ် စီမံမှု အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ဆွေးနွေးရာတွင် ဥပဒေပါ ပြဋ္ဌာန်းချက်များသည် ရာဇသတ်ကြီး ဥပဒေနှင့် အခြား တည်ဆဲဥပဒေများတွင် ပါရှိပြီးဖြစ်၍ ဥပဒေတစ်ရပ်လုံးကို ပယ်ဖျက်သင့်သည်ဟု ဆုံးဖြတ်ပြီးနောက် ဥပဒေတစ်ရပ်လုံးကို ဖြုတ်ချခဲ့သော်လည်း ယနေ့ဆွေးနွေးသည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဆိုင်ရာ ဥပဒေကြမ်းတွင်မူ တည်ဆဲ ဥပဒေ တစ်ရပ်ရပ်တွင် မည်သို့ပင်ဆိုစေကာမူ ယခုဥပဒေ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သမျှ ယခု ဥပဒေအရသာ အရေးယူရမည်ဟု ပြဌာန်းထားကြောင်း ဗိုလ်မှူးမြင့်မောင်က ပြောသည်။
 
ဥပဒေနှစ်ခုပါ ပြဋ္ဌာန်းချက်များကို လေ့လာကြည့်မည်ဆိုလျှင် ဥပဒေများကို လိုလျှင်လိုသလို အသုံးပြုနေခြင်းသည် တရားဥပဒေ၏ ကျိုးကျောင်းဆီလျော်မှု အပေါ်တွင် ကိုယ်စားလှယ်များ သိရှိစေရန် နှိုင်းယှဉ်ဆွေးနွေးရခြင်း ဖြစ်ကြောင်းလည်း တပ်မတော်သား ကိုယ်စားလှယ်က ဆိုသည်။ ယင်းအပြင် လွှတ်တော်က ပြဋ္ဌာန်းရန် ကြိုးပမ်းနေသည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဆိုင်ရာ ဥပဒေကြမ်းသည် ရည်ရွယ်ချက်အရ လူ့အခွင့်အရေး အပြည့်အ၀ ရရှိရန် ကာကွယ်ပေးသည့်အတွက် ကောင်းမွန်သော်လည်း နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပျက်နေသည့် အခြေအနေ၊ မြန်မာနိုင်ငံ၏ နောက်ခံ သမိုင်းကြောင်း၊ ပထ၀ီ အနေအထား၊ ယနေ့ ပြည်တွင်းရေး အခြေအနေများအရ လူပုဂ္ဂိုလ်လုံခြုံရေးထက် နိုင်ငံတော် လုံခြုံရေးက ပိုအရေးကြီးသည့် အနေအထား ဖြစ်သည်ကို သတိပြုသင့်သည်ဟု ဗိုလ်မှူးမြင့်မောင်က ဆွေးနွေးခဲ့သည်။
 
အဆိုပါ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က တစ်ပိုဒ်ချင်းစီအလိုက် အဆင့်ဆင့် ဆွေးနွေးပြီး စက်တင်ဘာလ ၂၀ ရက်နေ့က အတည်ပြုခဲ့သည်။
 
အန်အယ်လ်ဒီ အစိုးရလက်ထက်တွင် အဆိုပါ ကိစ္စရပ်များအပြင် ဦးဝင်းထိန်မှ ရှမ်းပြည်နယ် အန်အယ်လ်ဒီ အဖွဲ့ဝင်များအား ဒေါ်အောင်ဆန်းစုကြည် အမိန့်ဖြင့် ထုတ်ပယ်သည့် ကိစ္စ ပြည့်လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်မှ မွန်ပြည်နယ်လွှတ်တော်တွင် အရေးအပေါ် အစည်းအဝေးများ မခေါ်ယူရန် ညွှန်ကြားသည့် ကိစ္စများမှာ အခြေခံ ဥပဒေနှင့် မညီဟု ဝေဖန်မှုများ ထွက်ပေါ်နေသည်။

Credit To >>> The Ladies News

0 comments:

Post a Comment