

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရ-ကိုးပင်လမ်းခွဲ အနီးတွင် ရိုးမသစ် ထုတ်လုပ်သည့် လုပ်ငန်းတစ်ခု ဖြစ်သည့် သိုင်းချောင်း သစ်ထုတ်လုပ်ရေးစခန်းကို သဘာဝ အခြေခံခရီးသွားလာရေး လုပ်ငန်း ဖွင့်လှစ်ရန် ယခုနှစ် သြဂုတ်လမှ စတင်ကာ ပြင်ဆင်နေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။
ပဲခူးတိုင်းဒေသကြီးတွင် သစ်ထုတ်လုပ်ရေများ ရပ်နားလိုက်သည့်အတွက် ဌာနပိုင် ဆင်များမှာ အလုပ်မရှိကြောင်း၊ ယင်းအတွက်ကြောင့် ဝင်ငွေရရှိစေရန် သဘာဝ အခြေခံခရီးသွားလာရေးလုပ်ငန်း ထူထောင်ရန် ပြင်ဆင်နေကြောင်း၊ ဖွင့်လှစ်မည့်အချိန်မှာ ပြည်ထောင်စုဝန်ကြီး၏ ဆုံးဖြတ်ချက်အပေါ် မူတည်သောကြောင့် အတိအကျ မသိရှိနိုင်ကြောင်း ပဲခူးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးက ပြောသည်။
သိုင်းချောင်း သစ်ထုတ်လုပ်ရေးစခန်းမှာ ဖိုးကျားဆင်စခန်းနှင့် သုံးမိုင်ခန့်သာ ကွာဝေးသော်လည်း ကနဦး ဖောက်လုပ်ထားသည့် လမ်းများမှာ သစ်ထုတ်လုပ်ရေး ပြုလုပ်ရန်သာ ပြင်ဆင်ထားသောကြောင့် သွားလာရေး ကောင်းမွန်ရန် အဓိက ဆောင်ရွက်နေကြောင်း၊ ဌာနပိုင် ဆင်များကို ဖိုးကျားဆင်စခန်းမှ တာဝန်ရှိသူများက ပြကွက်များ၊ အကအလှများ သင်ကြားလေ့ကျင့်မှုကို သြဂုတ်လဆန်းပိုင်း ကတည်းက လေ့ကျင့်ပေးနေကြောင်း ဖိုးကျား ဆင်စခန်း တာဝန်ခံ ဦးရဲမြင့်က ပြောသည်။
“သိုင်းချောင်းဆင်စခန်း ဖွင့်ဖို့ ဆင်တွေကို လေ့ကျင့်ပေးနေတာက တတ်တဲ့ဆင်လည်း တတ်နေပြီး ဝန်တင်တဲ့ဆင်ကို သရုပ်ပြဆင် အနေနဲ့ သင်ရတဲ့အခါ အချိန်ယူရပါတယ်။ ဖိုးကျားဆင်စခန်းလောက် သိုင်းချောင်းစခန်းက ဆက်သွယ်ရေး အဆင်မပြေပေမယ့် ပွင့်လင်းရာသီမှာတော့ လမ်းကောင်းပါတယ်” ဟု ၎င်းက ရှင်းပြသည်။
ရေတာရှည်မြို့နယ် သာဂရမြို့နယ်ခွဲရှိ သာဂရ-ကိုးပင်လမ်းမှ သွားလျှင် ဖိုးကျားဆင်စခန်းသို့ ၁၀ မိုင်နီးပါး သွားရမည်ဖြစ်ကြောင်း၊ ယင်းစခန်းမှ သုံးမိုင်ခန့် ဆက်လျှောက်သွားပါက သိုင်းချောင်း သစ်ထုတ်လုပ်ရေးစခန်းမှ ဝန်တင်ဆင် ငါးကောင်နှင့် ဆင်သားပေါက် တွဲလျက်ရှိသည့် သားမွေးဆင်အချို့ သာမက သစ်ထုတ်လုပ်ရေးမှ အနားယူထားသော သက်ကြီးဆင် အချို့ကိုလည်း လေ့လာနိုင်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အုတ်တွင်း-ပေါက်ခေါင်း လမ်ပေါ်ရှိ စိမ်ရေအပန်းဖြေ ဆင်စခန်းကို လွန်ခဲ့သည့် လေးငါးနှစ်မှ စတင်ကာ ပိတ်သိမ်းခဲ့ပြီးနောက် သဘာဝ အခြေခံခရီးသွားလာရေး လုပ်ငန်းများအတွက် ဖိုးကျားအပန်းဖြေ ဆင်စခန်းသစ် တစ်ခုကို ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း၊ ယင်းဆင်စခန်းကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခု ဖြစ်သော Asia Win ကုမ္ပဏီကို လုပ်ကိုင်ခွင့် ပြုခဲ့သော်လည်း၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် လုပ်ငန်းများကို သစ်ထုတ်လုပ်ရေး ဦးစီးဌာနထံ လွဲပြောင်းပေးခဲ့ကြောင်း သစ်ထုတ်လုပ်ရေး ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။
Credit To >>> The Voice Weekly
0 comments:
Post a Comment