27.9.16

လူ့အခွင့်အရေး ကော်မရှင်ပါ အဖွဲ့ဝင်အချို့ကို ထိရောက်စွာ အရေးယူရန် လွှတ်တော်အတည်ပြု

လူ့အခွင့်အရေးကို အကာအကွယ် မပေးသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်အချို့ကို  ထိရောက်စွာ အရေးယူရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ယနေ့ (စက်တင်ဘာ ၂၆ ရက်) ကျင်းပသော ပြည်သူ့လွှတ်တော်တွင် အတည်ပြုလိုက်သည်။

အသက်မပြည့်သေးသည့် အိမ်အကူ မိန်းကလေးငယ်နှစ်ဦးကို လစာမပေးဘဲ ညှဉ်းပန်း နှိပ်စက်ခဲ့သည်ဟုဆိုသော ရန်ကုန်မြို့၊ အင်းဝ အပ်ချုပ်ဆိုင်ပိုင်ရှင်များ၏ အမှုအပေါ် လျော်ကြေးသိန်း ၅၀ ဖြင့် ကျေအေးရန် ညှိနှိုင်းဖြေရှင်းခဲ့သည့် ကော်မရှင် အဖွဲ့ဝင်များ၏ လုပ်ရပ် သည် လူ့အခွင့်အရေး ချိုးဖောက်မှုကို ကာကွယ်မပေးသဖြင့် ယင်းသို့ တင်ပြခဲ့ခြင်းဖြစ်ကြောင်း အဆိုရှင် ဦးပြုံးချိုက ပြောကြားသည်။

အရေးကြီးအဆိုအပေါ် ရွေးကောက်ခံ လွှတ်တော်အမတ် ၁၅ ဦးနှင့်  တပ်မတော်သား အမတ်တစ်ဦး ဆွေးနွေးခဲ့ကြပြီး တပ်မတော် အပါအဝင် ကိုယ်စားလှယ်  အားလုံးနီးပါး ထောက်ခံမဲပေးသဖြင့် အထက်ပါအတိုင်း အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ကိုယ်စားလှယ်များက ပြောကြားသည်။
ကော်မရှင် အဖွဲ့ဝင်များအနေနှင့် အစိုးရ၏ အရေးယူမှုကို ထိုင်စောင့်နေရန် မသင့်ဘဲ မိမိကိုယ်တိုင် အမှားဝန်ခံ၍ ရာထူးမှ နုတ်ထွက်ပေးရန် လိုကြောင်း ပုဗ္ဗသီရိ မဲဆန္ဒနယ်မှ ဦးတင်သစ်က ပြောကြားသည်။

"ကော်မရှင်အသစ် ဖွဲ့တဲ့အခါ ယခင်က ရာထူးကြီးတဲ့သူတွေ မပါဘဲ ဖွဲ့ဖို့လိုပါ တယ်" ဟု မန်တုံမဲဆန္ဒနယ်မှ ဒေါ်နန်းမိုးက ဆိုသည်။
ကော်မရှင်သည် သုံးနှစ်အတွင်း တိုင်စာ ၇၀၀၀ ကျော် ရရှိခဲ့သော်လည်း  ၁၆ မှုသာ စစ်ဆေးနိုင်သောကြောင့် လက်ရှိ တာဝန်ယူသူများကို တာဝန်မှ ရပ်စဲ၍ အသစ်ပြန်လည် ဖွဲ့စည်းရန်လိုကြောင်း  ဒီပဲယင်း မဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်က ထပ်လောင်း ပြောကြားသည်။

ကော်မရှင်ကို  ဖျက်သိမ်းပြီး အသစ်ပြန်လည်ဖွဲ့စည်းရန်နှင့် လက်ရှိအဖွဲ့ ဝင်အချို့ကို ထိရောက်စွာ အရေးယူရန် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေး ပြောကြားကြသော်လည်း ကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းက ၎င်းတို့လုပ်ဆောင်ချက်သည် နစ်နာသူများကို ကုစားပေးနိုင်ရေးအတွက် သဘောရိုးဖြင့် ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း လွှတ်တော်သို့ ပြန်လည်တင်ပြခဲ့သည်။

ယင်းအဆိုကို ကော်မရှင်မှ ပြန်လည် ရှင်းလင်းချက်သည် ပြတ်သား ရှင်းလင်းမှုမရှိသဖြင့် မဲခွဲဆုံးဖြတ်ရန် လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားခဲ့ပြီး မဲခွဲရာတွင် ထောက်ခံမဲ ၃၇၄ မဲ၊ ကန့် ကွက်မဲ တစ်မဲနှင့် ကြားနေ ရှစ်မဲဖြစ်သောကြောင့် အတည်ပြုကြောင်း ကြေညာခဲ့သည်။

အိမ်အကူ မိန်းကလေးငယ်နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်မှုနှင့် ပတ်သက်ပြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က  တရားလို ပြုလုပ်ကာ အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင်များအား စက်တင်ဘာ ၂၁ ရက်နေ့တွင် တရားစွဲဆိုထားပြီး လက်ရှိတွင် ပြစ်မှုကျူးလွန်သူများကို ဖမ်းမိထား ပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေ ပုဒ်မ ၆၂ တွင် ပေးအပ်ထားသော တာဝန်များကို သဘောရိုးဖြင့် ဆောင်ရွက်ခြင်း၊ သဘောထား  မှတ်ချက်ပေးခြင်းနှင့် ထင်မြင်ချက် ပေးခြင်းတို့အတွက် ကော်မရှင်ကိုဖြစ်စေ၊ ကော်မရှင်အဖွဲ့ဝင်ကိုဖြစ်စေ၊ ကော်မရှင်က တာဝန် ပေးအပ်ခြင်းခံရသူကိုဖြစ်စေ  ပြစ်မှုကြောင်းအရသော်လည်းကောင်း၊  တရားမကြောင်း အရသော်လည်းကောင်း  တရားစွဲဆိုခြင်း မပြုရဟု ပြဋ္ဌာန်းထားသည်။

နိုင်ငံတော် သမ္မတအနေနှင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများနှင့် ညှိနှိုင်းပြီး ကော်မရှင်အဖွဲ့ဝင်များကို တာဝန်မှ ရပ်စဲနိုင်သည်ဟုလည်း  အဆိုပါ ဥပဒေပုဒ်မ ၁၈ တွင် ဖော်ပြထားပြီး လွှတ်တော်၏ အတည်ပြုချက်ကို ပြည်ထောင်စု အစိုးရက လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment