
ပုံမှန်အားဖြင့် မြောက်ကိုရီးယားသည် ၎င်းတို့၏ စစ်လက်နက် စွမ်းရည်နှင့် ပတ်သက်၍ သိုဝှက်စွာ ပြုမူလှုပ်ရှားတတ်သည့် နိုင်ငံတစ်ခု ဖြစ်သည်။ သို့သော် ပြီးခဲ့သည့် သီတင်းပတ်ကုန်ကမူ အာရှတိုက် အရှေ့မြောက်ပိုင်းရှိ အထီးကျန် ကွန်မြူနစ် နိုင်ငံတွင် ပထမဆုံးအကြိမ် နိုင်ငံတကာ လေကြောင်းပြပွဲ တစ်ရပ်ကို ကျင်းပပြီး တိုက်လေယာဉ်များ၊ အခြားစစ်သုံးလေယာဉ်များကို ခင်းကျင်းပြသသွားခဲ့သည်။
အဆိုပါ လေကြောင်းပြပွဲတွင် တိုက်လေယာဉ်များ စစ်ကစားပျံသန်းခြင်း၊ စစ်သည်များ လေထီးခုန်ခြင်း၊ အခြားလေယာဉ်များ သရုပ်ပြ ပျံသန်းခြင်းတို့ ပြုလုပ်ခဲ့သလို တက်ရောက်လာသူများကို ဘီယာချောင်းစီး ဧည့်ခံခဲ့သည်ဟုလည်း သိရသည်။ ထို့အပြင် နိုင်ငံရပ်ခြားမှ သတင်းသမားများကိုလည်း အရေအတွက် ကန့်သတ်ပြီး ဖိတ်ကြားကာ သတင်းယူစေခဲ့သည်။ ယခုလေကြောင်းပြပွဲသည် ကိုရီးယား နှစ်နိုင်ငံကြား စစ်မဲ့ဇုန် အနီးတွင် အမေရိကန်၏ B-1 မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးများ အင်အားပြ ပျံသန်းခဲ့သည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
မြောက်ကိုရီးယားက နိုင်ငံတကာ ခင်မင်ရင်းနှီးမှု လေကြောင်းပြပွဲဟု အမည်ပေးထားသည့် အစီအစဉ်တွင် Hughes 500 ရဟတ်ယာဉ်များ၊ Ilyushin Il-18 သယ်ယူပို့ဆောင်ရေး လေယာဉ်များ၊ MiG-29နှင့် Su-25 တိုက်လေယာဉ်များ၊ Tupolev Tu-134နှင့် Tu-154 လေယာဉ်ကြီးများ အပါအဝင် လေယာဉ်မျိုးစုံကို ထုတ်ပြခဲ့သည်။ MiG-29များကို ၁၉၉၀ ပြည့်လွန်နှစ်များတွင် မြောက်ကိုရီးယားက ရုရှားထံမှ ဝယ်ယူထားခြင်းဟု ယုံကြည်ရသည်။
မြောက်ကိုရီးယားသည် အမေရိကန်လုပ် Hughes 500 ရဟတ်ယာဉ်ငယ်များကို ယခင်ကလည်း ထုတ်ပြဖူးရာ အမေရိကန် ထုတ်ကုန်များ ၎င်းတို့လက်သို့ မည်သို့မည်ပုံ ရောက်နေသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။ မြောက်ကိုရီးယားတွင် လေယာဉ်ဆီ အသုံးပြမှု အကန့်အသတ်များစွာ ရှိနိုင်ခြင်းကြောင့် မြောက်ကိုရီးယား တိုက်လေယာဉ်မှူးများ၏ လေ့ကျင့်ပျံသန်းမှု အချိန်သည် အခြားနိုင်ငံများမှ လေယာဉ်မှူးများထက် အလွန်နည်းပါးမည်ဟု ယုံကြည်ရသည်။ ထို့ကြောင့်လည်း လေကြောင်းပြပွဲ၌ ၎င်းတို့၏ သရုပ်ပြ ပျံသန်းမှုသည် အခြားနိုင်ငံများနှင့် ယှဉ်ပါက သမားရိုးက အခြေအနေမျှသာ ဖြစ်နေသည်။
အဆိုပါ လေကြောင်းပြပွဲကို ကမ်းခြေမြို့တစ်မြို့ဖြစ်သည့် ဝန်ဆန်းရှိ ကယ်လ်မာ နိုင်ငံတကာ လေဆိပ်သစ်ကြီးတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ထိုလေဆိပ်ကို လေတပ် အခြေစိုက် စခန်းတစ်ခု အဖြစ်လည်း အသုံးပြုနေသည်။ မြောက်ကိုရီးယား အစိုးရက ဝန်ဆန်းကို နိုင်ငံတကာ ခရီးသွားများ လာရောက်လည်ပတ်ရာ ကမ္ဘာ့အဆင့် အပန်းဖြေမြို့ကြီး တစ်ခုအဖြစ် ထူထောင်ရန် ရည်မှန်းထားကြောင်း ကြေညာဖူးသည်။ အဆိုပါ မြို့တွင် တရုတ် ကမ္ဘာလှည့် ခရီးသွားများ အဓိက စည်ကားနေလေ့ ရှိကြောင်းလည်း သိရှိရသည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment