27.9.16

အလုပ်သမား ဥပဒေများ ပြန်လည် ပြင်ဆင်ရန် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များ ဆွေးနွေးမည်

အလုပ်သမားဆိုင်ရာ ဥပဒေများအပေါ် ပြန်လည် ပြင်ဆင်ရန်နှင့် အလုပ်သမားများ စွမ်းဆောင်ရည် မြှင့်တင်ခြင်းများ ပြုလုပ်ရန် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စာလှယ်များ တွေ့ဆုံဆွေးနွေးကာ ဖိုရမ် ကျင်းပမည်ဖြစ်ကြောင်း အလုပ်သမားရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများထံမှ သိရသည်။

အဆိုပါဖိုရမ်ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်(ILO)၊ အမေရိကန်၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဂျပန်တို့နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ရန်ကုန်မြို့ရှိ ဆီဒိုးနား ဟိုတယ်တွင် စက်တင်ဘာလ ၂၉ရက်နှင့် ၃ဝ ရက်များတွင် ကျင်းပမည် ဖြစ်သည်။

“အခုဆွေးနွေးပွဲက အလုပ်ရှင်၊ အလုပ်သမားတွေနဲ့ အစိုးရ ကိုယ်စားလှယ်တွေအကြား ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်အောင် ကျင်းပတာပါ။ ဒီကရလာမယ့် ရလဒ်တွေက လက်ရှိ ကျင့်သုံးနေတဲ့ ဥပဒေကြား လိုအပ်ချက်တွေကို အသေအချာ ဆောင်ရွက် သွားနိုင်အောင်ပါ”ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အလုပ်သမားဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လက်ရှိ ကျင့်သုံးနေသော ဥပဒေ ၁၉ ခုခန့်ရှိပြီး အချို့သော ဥပဒေများသည် မူကြမ်းအဆင့်သာ ရှိသေးကြောင်း၊ ဥပဒေများ ထုတ်ပြန် ထားသော်လည်း လိုက်နာ ကျင့်သုံးမှု အားနည်းလျက် ရှိကြောင်း အလုပ်သမား ကိုယ်စားလှယ် အဖွဲ့များက ဆိုသည်။

“လာမယ့် ဖိုရမ်က ဥပဒေပြင်ဆင်မှုအပြင်၊ အလုပ်သမားတွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်မှုတွေပါ ပါဝင်လာမယ်။ အဖွဲ့ချုပ် အနေနဲ့ကတော့ ဆွေးနွေးပွဲမှာ အလုပ်ရှင် အလုပ်သမားအကြား EC စာချုပ် ချုပ်ဆိုမှုနဲ့ ပတ်သက်တာပါမယ်”ဟု မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်မှ လက်ထောက် အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ဆိုသည်။

အဆိုပါ ဖိုရမ်တွင် အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရ ကိုယ်စားလှယ်အဖွဲ့ အသီးသီးတို့က ဆွေးနွေး တင်ပြချက်များ၊ အလုပ်ရုံ စကားဝိုင်းများ ပြုလုပ်မည်ဖြစ်ပြီး အဖွဲ့အစည်း အသီးသီးမှ တက်ရောက်သူ တစ်ရာကျော်ခန့် ရှိမည်ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသော ကိုယ်စားလှယ်များထံမှ သိရသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment