21.9.16

ဘာရက်-၈ ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုအောင်မြင်ဟု အိန္ဒိယ ပြောကြား

မြေပြင်မှ ဝေဟင်အတွင်းသို့ တာဝေးခရီးပစ်ခတ်နိုင်သော ခေတ်မီဒုံးကျည်သစ်ကို စက်တင်ဘာ ၂ဝ ရက်တွင် စမ်းသပ်ပစ်ခတ်ခဲ့ရာ အောင်မြင်မှုရခဲ့ကြောင်း၊ အဆိုပါဒုံးကျည်မှာ ဘာရက်-၈ အမျိုးအစား အဏုမြူလက်နက်ထိပ်ဖူး သယ်ဆောင်နိုင်သော ဒုံးကျည်ဖြစ်ပြီး အိန္ဒိယနှင့် အစ္စရေးနိုင်ငံတို့ ပူးပေါင်းထုတ်လုပ်ခြင်းဖြစ်ကြောင်း အိန္ဒိယစစ်ဘက်ဆိုင်ရာ အထက်တန်းတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါဒုံးကျည်ကို အိန္ဒိယနိုင်ငံအရှေ့ပိုင်း သြရိဿပြည်နယ် ကမ်းရိုး တန်းဒေသရှိ စစ်ဘက်အခြေစိုက်စခန်းမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဘာရက်-၈ ဒုံးကျည်ကို ယာဉ်တင်ဒုံးပစ်စင်မှ ပစ်လွှတ်ခဲ့ကြောင်း၊ ဒုံးကျည်ကို သြရိဿပြည်နယ် ဘာလာဆိုးလ်ခရိုင် ချန်ဒီပူ လက်နက်စမ်းသပ် ရေးကွင်းမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး ရွေ့လျားနေသည့် လေကြောင်းပစ်မှတ် တစ်ခုကို ဘင်္ဂလားပင်လယ်အော် ရေပြင်အထက်ဝေဟင်အတွင်း ထိမှန်အောင်ပစ်ခတ်စမ်းသပ်နိုင်ခဲ့ကြောင်း ဒုံးကျည်ပစ်လွှတ်မှုနှင့်ပတ်သက်၍ အမည်မဖော်သူ တာဝန်ရှိသူက ပြောကြားသည်။ နောက်ထပ်စမ်းသပ် ပစ်ခတ်မှုများကို စက်တင်ဘာ ၂၁ ရက်တွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ယခုနှစ် ဇွန်လနှင့် ဇူလိုင်လအတွင်းက အဆိုပါဒုံးကျည်ကို စမ်းသပ်ပစ်ခတ်မှုများပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

ဘာရက်-၈ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်သည် အလျား ၄ ဒသမ ၅ မီတာရှည်လျားပြီး လုံးပတ်မှာ သုည ဒသမ ၂၂၅ မီတာ၊ ထိပ်ဖူးမှာ သုည ဒသမ ၅၄ မီတာရှိပြီး ဒုံးကျည်၏တောင်ပံမှာ သုည ဒသမ ၉၄ မီတာရှိသည်။ အလေးချိန် ကီလိုဂရမ် ၆ဝ ရှိပြီး လက်နက်ထိပ်ဖူးအပါအဝင် ၂၇၅ ကီလိုဂရမ်ရှိသည်။

အဆိုပါဒုံးကျည်သည် အသံထက်နှစ်ဆမြန်သောအမြန်နှုန်းဖြင့် ကီလို မီတာ ၇ဝ အကွာရှိ ပစ်မှတ်ကိုပစ်ခတ်နိုင်သည်။



Credit To >>> The Mirror Daily

0 comments:

Post a Comment