8.9.16

မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ ညောင်ရွှေစော်ဘွားကြီး စ၀်ရွှေသိုက်နှင့် မိသားစု နေထိုင်ခဲ့သည့် ညောင်ရွှေ ဟော်နန်းကြီးအား ဟိုတယ်ညဈေးအဖြစ် တစ်ပတ်လျှင် နှစ်ရက် ဖွင့်လှစ်ရန် ဆောင်ရွက်နေသည်မှာ မှန်ကန်ကြောင်း ဟိုတယ်/ခရီးဝန်ကြီး ပြောကြား

မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ ညောင်ရွှေစော်ဘွားကြီး စ၀်ရွှေသိုက်နှင့် မိသားစု နေထိုင်ခဲ့သည့် ညောင်ရွှေ ဟော်နန်းကြီးအား ဟိုတယ်ညဈေးအဖြစ် တစ်ပတ်လျှင်နှစ်ရက် ဖွင့်လှစ်ရန် ဆောင်ရွက်နေသည်မှာ မှန်ကန်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောကြားသည်။

စက်တင်ဘာ ၇ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မိုင်းပန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်မိုး၏ မေးမြန်းမှုအပေါ် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ထိုသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
မိုင်းပန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်မိုးက “သမိုင်းဝင် ဟော်နန်းကြီးကို ပြင်သစ်ပညာရှင်များ၏ အကူအညီဖြင့် ပြုပြင်မွမ်းမံပြီးတော့ ဟိုတယ်ညဈေးအဖြစ် ဖွင့်လှစ်ရန် ဆေင်ရွက်နေခြင်း၊ စော်ဘွားကြီး၏ အသုံးအဆောင် ပစ္စည်းများကို မွမ်းမံလျှော်ဖွပ်ရန် စီစဉ်ဆောင်ရွက် နေခြင်းတို့ကို ပြည်တွင်း သတင်းမီဒီယာများတွင် ဖတ်ရှုလေ့လာရပါတယ်။ သို့ဖြစ်ပါ၍ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနတို့၏ သဘောတူညီ ဆောင်ရွက်မှု၊ ရှေးဟောင်း သုတေသနဌာနနှင့် ပြင်သစ်ပညာရှင်များ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်တို့ကို ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန်အတွက် ညောင်ရွှေဟော်နန်းကြီးကို ဟိုတယ်ညဈေးအဖြစ် တစ်ပတ်လျှင် နှစ်ရက် ဖွင့်လှစ်ဆောင်ရွက်ရန် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနက စီစဉ်ဆောင်ရွက်နေသည်မှာ မှန်ကန်ပါသလား” ဟု ထည့်သွင်းမေးမြန်းသည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ညောင်ရွှေဟော်နန်းကြီးသည် ပထမဦးဆုံးသမ္မတ ညောင်ရွှေစော်ဘွားကြီး စ၀်ရွှေသိုက်နှင့် မိသားစု နေထိုင်ခဲ့ရာ ဟော်နန်းဖြစ်ပြီး ညောင်ရွှေမြို့ရှိ သမိုင်းဝင် Heritage အဆောက်အအုံ တစ်ခုဖြစ်ရာ ၎င်းကို ထိန်းသိမ်းမြှင့်တင် ဆောင်ရွက်ပေးခြင်းဖြင့် ယဉ်ကျေးမှု အမွေအနှစ် ဖော်ထုတ်၍ ရေရှည်ထိန်းသိမ်းရာ ရောက်သကဲ့သို့ တစ်ဖက်တွင်လည်း ခရီးသည်များ ပိုမိုသိရှိ လာရောက်၍ Heritage Tourism ဖွံ့ဖြိုးမှုကတစ်ဆင့် ဒေသခံများ ၀င်ငွေနှင့် အလုပ်အကိုင် ရရှိလာမည် ဖြစ်ကြောင်း၊ ပြည်တွင်း/ပြည်ပ ပညာရှင်များ၊ အတွေ့အကြုံရှိသူများ၏ အကြံပြုချက်များ ပံ့ပိုးမှုများနှင့် ဒေသခံများ၏ အားပေးကူညီမှုများ လိုအပ်လျက်ရှိကြောင်း ထည့်သွင်းဖြေကြားသည်။
“ယခုစတင်နေသည်မှာ Conceptual Stage အဆင့်သာရှိပြီး ညောင်ရွှေဟော်နန်းကြီးအား ပြုပြင်ဖြစ်ခဲ့လျှင် ဟော်နန်းပြတိုက်ကို ညနေ ၆ နာရီမှ ၁၁ နာရီအထိ ညအချိန် ကမ္ဘာလှည့်ခရီးသည်များ ၀င်ရောက် လေ့လာနိုင်ရန်နှင့် ရက်သတ္တတစ်ပတ်လျှင် နှစ်ည ဟော်နန်းဝင်းအတွင်း သစ်ပင်ကြီးများအောက်ရှိ ရွေးချယ်သတ်မှတ်ထားမည့် နေရာတွင်သာ လက်တွန်းလှည်းဖြင့် ရောင်းချသော ကျန်းမာရေးနှင့် ညီညွတ်သော အဆာပြေ စားဖွယ်များကို စားသောက်နိုင်ရန် စီစဉ်ခြင်း၊ ယင်းဝန်ဆောင်မှု တန်ဖိုးများကို ပြတိုက်ဝင်ကြေးတွင် စုစည်းပြီး နှုန်းထားတစ်ခု သတ်မှတ်၍ ၀င်ခွင့်ပြုခြင်း၊ ညောင်ရွှေဟော်နန်း သမိုင်းကြောင်းအား ကမ္ဘာလှည့် ခရီးသည်များ အကျယ်တ၀င့် သိရှိစေရန် အဆိုပါ ရက်သတ္တတစ်ပတ်လျှင် နှစ်ညတွင် ဟော်နန်း၏ ပြင်ပပတ်ပတ်လည်ကို လျှပ်စစ်မီးမောင်းများဖြင့် ထိန်လင်းစွာ ထွန်းညှိပြသပြီး ဟော်နန်းသမိုင်းအကြောင်းကို အသံသွင်းစက်ဖြင့် ဖွင့်လှစ်၍ ရှင်းပြခြင်း၊ ရရှိသော ၀င်ကြေးများမှ ကုန်ကျစရိတ်နုတ်ဖယ်ပြီး ပိုငွေကို ညောင်ရွှေဟော်နန်းကြီး ရေရှည်တည်တံ့ ခိုင်မြဲစေရေး ပြုပြင်ထိန်းသိမ်း ရန်ပုံငွေအဖြစ် ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး မြန်မာ့စီးပွားရေးဘဏ်တွင် စုဆောင်းထိန်းသိမ်း ထားပေးခြင်းများကို ဆောင်ရွက်သွားရန် ရှမ်းပြည်နယ် အစိုးရနှင့် ညောင်ရွှေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား တိုင်ပင်ဆွေးနွေးနေသည်မှာ မှန်ကန်ပါသည်” ဟု ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောကြားသည်။
လက်ရှိတွင် ဟော်နန်းပြင်ဆင်ရန်အတွက် ပြင်သစ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင် တစ်ဦးနှင့် လေ့လာဆွေးနွေး လျက်ရှိပြီး ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချမှတ်ခြင်း မရှိသေးကြောင်း ၀န်ကြီးကဆက်လက် ပြောကြားသည်။
ဟော်နန်းအဆောက်အအုံကို ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ရှမ်းပြည်နယ် အစိုးရသို့ လွှဲပြောင်းပေးအပ် ထားကြောင်းနှင့် ဟော်နန်း၏ မြေဧရိယာ အ၀ိုင်းအ၀န်းကို ယဉ်ကျေးမှု ၀န်ကြီးဌာနမှ စီမံခန့်ခွဲမြေအဖြစ် မြေစာရင်းဌာနတွင် မှတ်ပုံတင် ထားရှိကြောင်းနှင့် ညောင်ရွှေဟော်နန်း ပြုပြင်မွမ်းမံခြင်းကို ကုန်ကျခံမည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများအား ရှာဖွေလျက်ရှိဆဲ ဖြစ်ကြောင်း၊ ပြုပြင်ဆောင်ရွက်ရန် အစီအစဉ်များ ပေါ်ပေါက်လာပြီး သောအခါနှင့် ဘဏ္ဍာငွေရလမ်း ပေါ်ပေါက်လာသော အခါတွင် ဌာနေတိုင်းရင်းသား ပြည်သူလူထုအား ပွင့်ပွင့်လင်းလင်း ရှင်းလင်းပြမည် ဖြစ်ကြောင်းနှင့် လက်ရှိတွင် တိကျသော ဆုံးဖြတ်ချက် မရှိသေးသဖြင့် ပြည်သူများအား ရှင်းလင်းပြသရန် အချိန်စောပါသေးကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ထည့်သွင်းပြောကြားသည်။
အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့တို့မှ သဘောထား မှတ်ချက်ပေးရန် မရှိကြောင်း အကြောင်းကြားထားသည်ဟု ဦးအုန်းမောင်က ပြောကြားသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment