6.10.16

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်း အတည်ပြု

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၃) ရက် မြောက်နေ့ကို ယနေ့ နံနက်ပိုင်းတွင်ကျင်းပ
ရာ လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ''မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း''ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်း အတည်ပြုခဲ့သည်။
တည်ဆဲနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသည် ခွင့်ပြုမိန့်ရရှိရန်အတွက် အဆိုပြုချက်တိုင်းကို ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြရခြင်း၊ နှစ်ရှည် မြေငှားရမ်းခွင့်အတွက် ရင်းနှီးမြှုပ်နှံ မှုကော်မရှင်၏ ခွင့်ပြုချက်ရယူရခြင်း၊ အနုညာတ ဖြေရှင်းခြင်းအဆင့်သို့ မရောက်မီ ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည့် နစ်နာမှုဖြေရှင်းသည့် နည်းလမ်းမပါ ရှိခြင်း၊ နိုင်ငံခြားငွေလွှဲပြောင်းနိုင် ခွင့်တွင် ငွေကြေးဆိုင်ရာ ဖော်ပြချက်များ ပြည့်စုံစွာမပါရှိခြင်း၊ ရင်းနှီး မြှုပ်နှံမှု အကာအကွယ်ပေးခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များပြည့်စုံစွာ မပါဝင် ခြင်း၊ ပူးတွဲတင်ပြရမည့် စာရွက် စာတမ်း အထောက်အထား များပြားခြင်း၊ ကော်မရှင်၏လုပ်ပိုင်ခွင့်အာဏာများပြားနေခြင်း၊ ဝင်ငွေခွန် ကင်းလွတ်ခွင့် အလိုအလျောက်ရရှိ သည့်အတွက် တိုင်းပြည်ဘဏ္ဍာနစ်နာ ခြင်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ် နှံမှုဥပဒေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှစ်ခုရှိနေသည့်အတွက် ရင်းနှီး မြှုပ်နှံသူများအနေဖြင့် ခွဲခြားဆက်ဆံသည်ဟု ထင်မြင်ယူဆခြင်းစသည့် အားနည်းချက်များ ရှိနေကြောင်း။
ထို့ပြင် မြန်မာနိုင်ငံအတွင်း စီးပွားရေးနယ်ပယ်အသီးသီး၌ ရင်းနှီးမြှုပ်နှံ လိုသူအများအပြားရှိနေပြီး မြန်မာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောလျင်စွာ အတည်ပြုပေးနိုင်ရန် လိုအပ်သဖြင့် ယခုလို အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်း''နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၆)မှ ဒေါ်နန်းနီနီအေးက ဒီမိုကရေ စီစနစ်ကို ကျင့်သုံးကြသည့် တိုင်းပြည်များတွင် လူတစ်ဦး၊ တစ်ဖွဲ့၊ တစ်စုကို ဦးတည်သည့် ဥပဒေကိုမပြုရဟု တားမြစ်ထားသကဲ့သို့ ထိုသို့ ဦးတည် ကြသည့် ဥပဒေများသည် ဥပဒေနှင့် မညီသည့် ဥပဒေများဖြစ်ပါကြောင်း၊ ယခုဥပဒေကြမ်းသည် အချုပ်အခြာ အာဏာပိုင် နိုင်ငံဖြစ်ခြင်းကိုလည်း ထိပါးစေပါကြောင်း၊ လူတစ်ဦး၊ တစ်စု၊ တစ်ဖွဲ့ အကျိုးစီးပွားကိုပဲ ကာကွယ်ပေးထားသည့် ဥပဒေဖြစ်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများအားလုံး ၏ လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုကို ယခုထက် ပိုမိုထိပါးလာစေနိုင်သည့် အပြင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်လည်း ဆန့်ကျင်နေသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေအဖြစ်ပြဋ္ဌာန်း၍မရသည့် ဥပဒေဖြစ်ပါကြောင်း ဆွေးနွေးသည်။
ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၉)မှ ဦးစိုးသိန်းက ဒီမိုကရေစီ တိုင်းပြည်များတွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသူများသည် ဥပဒေ အထက်တွင်ရှိသည့် လူသားများ မဟုတ်သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း မဟုတ်ပါကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို ကာကွယ်ရန် လုပ်သင့်သည့် အလုပ်ကို လုပ်ကိုင်နေကြသော အဖွဲ့အစည်း များဖြစ်ပါကြောင်း၊ ထို့ကြောင့် လုံခြုံ ရေးတာဝန်ယူရသည့် အဖွဲ့အစည်းများ၏ လုပ်ဆောင်ပိုင်ခွင့်ကို ပိတ်ပင်သည့်ဥပဒေသည် နိုင်ငံတော်နှင့် နိုင်ငံ သားများ၏ အကျိုးစီးပွားကို ကာကွယ် မှုမပြုနိုင်စေရန် ဦးတည်သည့် ဥပဒေ ဖြစ်ခြင်းနှင့် လက်ရှိအစိုးရအား လုံခြုံ ရေးဆိုင်ရာကိစ္စများတွင် မျက်စိပိတ်၊ နားပိတ် မဖြစ်စေလိုခြင်းတို့ကြောင့် လက်ရှိအချိန်တွင် ပြဋ္ဌာန်းရန်မသင့် သေးပါကြောင်း ဆွေးနွေးသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်မြတ်သီတာထွန်းက နိုင်ငံသားများ၏ အခွင့်အရေးများကို အကာအကွယ်ပေးသည့် ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းရာတွင် အဆိုပါ ဥပဒေများ၏ ကောင်းကျိုးအနှစ်သာရများကို နိုင်ငံသားများ အမှန်တကယ် ရရှိခံစား နိုင်စေရန်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဥပဒေကို လက်တစ် လုံးခြားလုပ်လို့မရနိုင်သည်အထိ တိကျ ရှင်းလင်းပြတ်သားသည့် ပြဋ္ဌာန်းချက်များဖြစ်ရန် အထူးအရေးကြီးပါကြောင်း ဆွေးနွေးသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးလှဦးက ကမ္ဘာ့လူ့ အခွင့်အရေး ကြေညာစာတမ်း၌ လူတိုင်းတွင် အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်၊ လူပုဂ္ဂိုလ်လုံခြုံမှု ရပိုင် ခွင့်ရှိသည်ဟု လည်းကောင်း၊ မည်သူ့ ကိုယ်မျှ ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် ရက်စက်ကြမ်းကြုတ်သော၊ လူမဆန်သော၊ လူ့သိက္ခာ ညှိုးနွမ်းစေသော ပြုမူဆက်ဆံခြင်း၊ ပြစ်ဒဏ် ပေးခြင်းမပြုရဟု လည်းကောင်း၊ လူတိုင်းသည် ဥပဒေအရာ၌ လူပုဂ္ဂိုလ် တစ်ဦးဦးအဖြစ် နေရာတိုင်းတွင် အသိအမှတ်ပြုခြင်းကို ခံယူပိုင်ခွင့် ရှိသည်ဟု လည်းကောင်း၊ လူတိုင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ သို့မဟုတ် ၎င်းအား ခံစားခွင့်ပြုထားသည့် မူလအခွင့်အရေးများကို ဖောက်ဖျက်ခြင်း ခံရလျှင် ထိုသူသည် စီရင်ပိုင်ခွင့်ရှိ သော နိုင်ငံတော်ခုံရုံးများ၏ ထိရောက် သော ကုစားပေးမှုကို ရပိုင်ခွင့်ရှိစေရ မည်ဟုလည်းကောင်း၊ မည်သူမျှ မတရား ဖမ်းဆီးခြင်း၊ မတရားချုပ် နှောင်ခြင်းနှင့် မတရားစီရင်ခြင်း မခံစေရဟု ဖော်ပြပါရှိပါကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေပါ လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်၊ လုံခြုံ ခွင့်အတွက် ပြည်သူများအားလုံး ရရှိခံစားနိုင်ကြရန်နှင့် ကမ္ဘာ့လူ့ အခွင့်အရေး ကြေညာစာတမ်းပါ အချက်များအတိုင်း မြန်မာပြည်သူများ ပုဂ္ဂိုလ်တစ်ဦးချင်းအတွက် လူ့သိက္ခာ အပြည့်အဝရရှိရန် ယင်းဥပဒေပြဋ္ဌာန်း ခြင်းကို လွှတ်တော်က အမြန်ဆုံး အတည်ပြုပေးပါရန် မေတ္တာရပ်ခံပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးအောင်ကိုမင်းက နိုင်ငံတော်လုံခြုံရေးသည် အဆိုပါ နိုင်ငံတော်ရှိ အစိတ်အပိုင်းအားလုံး၏ လုံခြုံရေး ဖြစ်သည်ဟု လက်ခံထားပါကြောင်း၊ နိုင်ငံတော်နယ်နိမိတ်အတွင်း နေထိုင်သည့် ပြည်သူအားလုံး၏ လုံခြုံရေးကို နိုင်ငံတော်က အာမခံထားပါကြောင်း၊ တစ်ဦးတစ်ယောက်ချင်း၏ လုံခြုံရေးကို နိုင်ငံသားဖြစ်မှုနှင့် အာမခံပေးထားပြီး နိုင်ငံတော်လုံခြုံနေသမျှ ကာလပတ်လုံး လူတစ်ဦးချင်းစီလည်း လုံခြုံမှုရှိနေမည်ဖြစ်ပါကြောင်း၊ နိုင်ငံသူ နိုင်ငံသားများကလည်း နိုင်ငံတော် လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွား ကိုရှေးရှု၍ အလေးထားဂရုပြုဆောင် ရွက်ကြရမည်ဖြစ်ပါကြောင်း။
လူပုဂ္ဂိုလ်လုံခြုံရေးကို ဦးစားပေးလွန်းပါက နိုင်ငံတော်လုံခြုံရေး တာဝန်ကို ထမ်းဆောင်ကြသူများအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ကန့်သတ်ချက်များ၊ တားမြစ်ချက် များကြောင့် အခက်အခဲများစွာ ကြုံတွေ့လာနိုင်သည့်အပြင် နိုင်ငံတော်လုံခြုံရေး ကျိုးပေါက်သွားနိုင်ပါကြောင်း။
လွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် ဥပဒေများသည် ရေရှည်အကျိုးကို မျှော်ကိုးသင့်ပါကြောင်း၊ သေသေ ချာချာသုံးသပ်ကာ ဘက်ပေါင်းစုံမှ စဉ်းစားသုံးသပ်ရေးဆွဲ အတည်ပြုပြီး အကျိုးစီးပွားခိုင်မာသည့် ဥပဒေ တစ်ရပ်ဖြစ်သင့်ပါကြောင်းနှင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုး စီးပွားလုံခြုံရေးကို ထိခိုက်မှုအနည်း ဆုံးဖြစ်စေမည့် ဥပဒေများဖြစ်သင့်ပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်စံဦးက ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှု ကို ဦးစားပေးလွန်းပါက နိုင်ငံတော် လုံခြုံရေးတာဝန် ထမ်းဆောင်နေရသူ များအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ကန့်သတ်ချက်၊ တားမြစ်ချက်များကြောင့် နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်သောကိစ္စရပ်များကို စုံစမ်း ထောက်လှမ်းခြင်း မပြုနိုင်တော့သဖြင့် အခက်အခဲများစွာ ကြုံတွေ့လာနိုင်ပြီး နိုင်ငံတော်လုံခြုံရေး ကျိုးပေါက်နိုင်ပါကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှု၊ မူးယစ်ဆေးဝါးထုတ်လုပ် သယ်ယူဖြန့် ဖြူးမှု၊ လူကုန်ကူးမှု၊ နိုင်ငံဖြတ်ကျော်မှုခင်းကျူးလွန်မှု၊ ဆိုက်ဘာတိုက်ခိုက်မှု စသည်တို့ကို ကျူးလွန်မည့်သူများအား အကာအကွယ်ပေးရာ ရောက်နိုင်ပါကြောင်း ဆွေးနွေးသည်။
''နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်း'' နှင့်စပ်လျဉ်း၍ ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို ဥပဒေကြမ်းကော်မတီက ပြန်လည် ကြားနာဆောင်ရွက်ရန် ဥက္ကဋ္ဌက ဆုံးဖြတ်သည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment