6.10.16

တရုတ်ကုမ္ပဏီတစ်ခုနှင့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီနှစ်ခု ပူးပေါင်းဆောင်ရွက်နေသည့် မအူပင် စက်မှုဇုန် စီမံကိန်းမှာ တရုတ်ကုမ္ပဏီဘက်က မူလမြေပိုင်ရှင် တောင်သူများကို ကတိပေးထားသည့်အတိုင်း လုပ်ငန်းများ လုပ်ဆောင်ပေးရန် နှောင့်နှေးနေကြောင်း သိရ

မအူပင်မြို့ ညောင်ဝိုင်းကျေးရွာအုပ်စုနှင့် ပံတပွတ်ကျေးရွာအုပ်စု အနီးရှိ လယ်ယာမြေဧရိယာ ၂၈၃ ဒသမ ၄၁ ဧကတွင်
တရုတ်ကုမ္ပဏီတစ်ခုနှင့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီနှစ်ခုတို့  ပူးပေါင်းဆောင်ရွက်မည့် မအူပင် စက်မှုဇုန် စီမံကိန်းမှာ တရုတ်ကုမ္ပဏီဘက်က မူလမြေပိုင်ရှင် တောင်သူများအား ကတိပေးထားသည့်အတိုင်း အိမ်ရာများ ဆောင်ရွက်ပေးရန် နှောင့်နှေးနေမှုကြောင့် တောင်သူများက လယ်ယာမြေအား စက်မှုဇုန်မြေအဖြစ်သို့ ပြောင်းလဲ သတ်မှတ်ရန်အတွက် လ/န (၃၀) ယ ရရှိရေးကို ကန့်ကွက်မှုများ ရှိနေကြောင်း သတင်းရရှိသည်။

တရုတ်ကုမ္ပဏီ တစ်ခုဖြစ်သည့် Shanghai Yangon Investment ကုမ္ပဏီမှ ၅၅ ရာခိုင်နှုန်း၊ A1 ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးရန်ဝင်း ဥက္ကဋ္ဌအဖြစ် လုပ်ကိုင်နေသည့် မအူပင်ဖွံ့ဖြိုး တိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်က ရာခိုင်နှုန်း ၃၀၊ Southern Metal Industry ကုမ္ပဏီက ၁၅ ရာခိုင်နှုန်း ပူးပေါင်းပါဝင်သည့် မအူပင် စက်မှုဇုန် စီမံကိန်းတွင် ၀တ်ဆင်ရေးလုပ်ငန်း စက်ရုံ ၄၂ ရုံ၊ စားသောက်ရေးဆိုင်ရာ စက်ရုံ သုံးရုံ၊ နေထိုင်ရေးဆိုင်ရာ လုပ်ငန်းစက်ရုံ သုံးရုံ၊ စာပေနှင့် အနုပညာဆိုင်ရာ လုပ်ငန်း စက်ရုံတစ်ရုံ၊ လျှပ်စစ်ပစ္စည်းဆိုင်ရာ လုပ်ငန်း စက်ရုံတစ်ရုံအား ထည့်သွင်း တည်ဆောက်သွားမည် ဖြစ်သည်။

စက်မှုဇုန်တည်ဆောက်ရန် မြေနေရာများကို မူလပိုင်ရှင် တောင်သူများထံမှ လယ်တစ်ဧကလျှင် ကျပ် ၆၇ သိန်းနှုန်းဖြင့် နှုန်းတပ်ဝယ်ယူခဲ့ပြီး ကျပ် ၅၄ သိန်းအား လက်ဝယ် ပေးအပ်ကာ ကျပ်ခုနစ်သိန်းအား မအူပင်ဖွံ့ဖြိုး တိုးတက်ရေးအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်တွင် အစုရှယ်ယာရှင်များအဖြစ် သတ်မှတ် ထည့်သွင်းခဲ့ကြောင်း၊ ကျပ်ခြောက်သိန်းကိုမူ လယ်ယာများ စွန့်လွှတ် ရောင်းချခဲ့မှုကြောင့် မြေယာလက်မဲ့ဖြစ်ခဲ့သည့် တောင်သူများအတွက် စက်မှုဇုန်စီမံကိန်း အတွင်းရှိ မြေဧရိယာ ၃၃ ဒသမ ၉၃ ဧကပေါ်တွင် တောင်သူများအတွက် အိမ်ရာစီမံကိန်းများ ဆောက်လုပ်ပေးအပ်ရန်အတွက် ချန်လှပ်ထားခဲ့ကြောင်း၊ လယ်ယာမြေများ ၀ယ်ယူပြီးသည့်နောက်ပိုင်းတွင် တောင်သူများနှင့် သဘောတူညီမှုများ ရှိထားသည့်အတိုင်း အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တရုတ်ကုမ္ပဏီဖြစ်သော Shanghai Yangon Investment က ပေးအပ်သည့် ငွေကြေးမှာ မူလသတ်မှတ်ထားသည့် ငွေကြေးအတိုင်း မဟုတ်ဘဲ လျော့နည်းစွာ ညှိနှိုင်းလာမှုကြောင့် တောင်သူများက ကန့်ကွက်မှုများ ရှိလာပြီး စက်မှုဇုန် တည်ဆောက်ရေးအတွက် လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့် လ/န (၃၀) ယ ရရှိရေးကို တောင်သူများဘက်က ကန့်ကွက်မှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

“စက်မှုဇုန်က အဘတို့ရယ်၊ ရှန်ဟိုင်း ကုမ္ပဏီရယ်၊ SMI ရယ် စုပေါင်းပြီးလုပ်တာ။ အဘတို့ကုမ္ပဏီက အများပိုင်ကုမ္ပဏီပေါ့။ အဘတို့ကုမ္ပဏီမှာ တောင်သူတွေလည်း ရှယ်ယာပါတယ်။ တောင်သူတွေထဲက ကိုယ်စားလှယ်နှစ်ဦးလည်း ဒါရိုက်တာအဖွဲ့မှာ ပါတယ်။ တောင်သူတွေအတွက် မြေယာကို ထိုက်သင့်တဲ့ တန်ဖိုးထက် ပိုပြီးဝယ်ယူခဲ့တာ အပြင် သူတို့အတွက် အိမ်ရာစီမံကိန်းတွေလည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ။ လ/န (၃၀) ကျဖို့ကိုတော့ အခုတိုင်းဒေသကြီးကို ပြန်တင်ထားပါပြီ။ တိုင်းဒေသကြီးကလည်း ဒီရက်ပိုင်းအတွင်းမှာ ရရှိနိုင်ပါလိမ့်မယ်” ဟု မအူပင်ဖွံ့ဖြိုး တိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ဥက္ကဋ္ဌ ဦးဝင်းလှိုင်က ပြောကြားသည်။

တောင်သူများနှင့် မူလသဘောတူညီချက်များ ကွဲလွဲလာမှုနှင့် ပတ်သက်၍ မအူပင် ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ အတွင်းရေးမှူး ဦးမြင့်ဦးက “တောင်သူတွေအတွက် အိမ်ရာစီမံကိန်း အကောင်အထည်ဖော်ဖို့ကို မူလက သတ်မှတ်ထားတဲ့ ငွေကြေးနဲ့ တကယ်တမ်း ထည့်ဝင်လာတဲ့ ငွေကြေးက ကွာခြားနေတော့ တောင်သူတွေဘက်က ကန့်ကွက်လာတာပေါ့။ တောင်သူတွေက ကန့်ကွက်မှုတွေ ရှိလာတော့ လ/န ကျဖို့ အခက်အခဲ ဖြစ်လာတယ်။ J.V ကုမ္ပဏီဘက်က မူလသတ်မှတ်ထားတဲ့ ထည့်ဝင်ငွေကို ပေးသွင်းပြီးတော့ တောင်သူတွေကို လုပ်ဆောင်ပေးဖို့ လိုပါတယ်။ မဟုတ်သေးရင်လည်း ကနဦး လုပ်ဆောင်မှုနဲ့ ဆက်လက် လုပ်ဆောင်မယ့် လုပ်ငန်းတွေကို ချပြပေးဖို့၊ တောင်သူတွေ မနစ်နာအောင် လုပ်ပေးဖို့ ညှိနှိုင်းရလိမ့်မယ်” ဟု ပြောကြားသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment