6.10.16

ဒေါ်လာ​ဈေးနှင့်​အပြိုင်​ ထိုင်းဘတ်​​ငွေ​ဈေး စံချိန်​တင်​ မြင့်တက်​လာခြင်း​ကြောင့်​ မြန်​မာကုန်​သည်​များ အရှုံး​ပေါ်​နေ

ကမ္ဘာ့​ငွေ​ကြေး​ဈေးကွက်​တွင်​ ​ဒေါ်လာ​ဈေးနှင့်​အပြိုင်​ ထိုင်းဘတ်​​ငွေ​ဈေး ဆယ်​စုနှစ်​တစ်​ခုအတွင်း စံချိန်​တင် ​မြင့်​တက်​လာခြင်း​ကြောင့်​ မြန်​မာကုန်​သည်​များ အရှုံး​ပေါ်​နေပြီး ပြည်​တွင်းစားသုံးမှု ​ဈေးကွက်​ကို ထိခိုက်​လျက်​ရှိ​ကြောင်း မြ၀တီမြို့ ​ဈေးကွက်​ရပ်​၀န်း အတွင်းက သိရသည်​။

ကရင်​ပြည်​နယ်​ မြ၀တီနယ်​စပ်​မြို့တွင်​ ထိုင်းဘတ်​ငွေနှင့်​ မြန်​မာကျပ်​​ငွေ နှစ်​မျိုးလုံးဖြင့်​ ​ရောင်းဝယ်​သုံးစွဲမှု ပြုလုပ်​​နေကြ​သော်​လည်း ထိုင်းကုန်​ပစ္စည်းများ ၀ယ်​ယူရာတွင်​ ဘတ်​​ငွေဖြင့်​သာ ၀ယ်ယူရသည့်​အတွက်​ မြန်​မာကုန်​သည် ​အများစုမှာ တစ်​ပတ်​အတွင်း သိန်းဆယ်​နှင့်​ချီ၍ အရှုံး​ပေါ်လျက်​ရှိကြောင်း သိရသည်။

နယ်​စပ်​မှကုန်​သွယ်​ရာတွင်​ ကုမ္ပဏီကြီးများ အ​နေဖြင့်​ ​ငွေ​ဈေး​ကြောင့်​ ထိခိုက်​မှုနည်းသော်​လည်း တစ်​နိုင်​တစ်​ပိုင်​ ​ရောင်းဝယ်​ကူးသန်းသည့်​ ကုန်​သည်​များမှာ ပြည်​တွင်း​ဈေးကွက်​၌​ ရောင်းချပြီး နယ်စပ်သို့ ပြန်​လာလျှင်​ ကုန်​စည်​ဒိုင်​သို့ မ​ရောက်​မီ အရှုံး​ပေါ်​နေကြောင်း သိရသည်။

“အစ်​ကိုတို့က ထိုင်းကုန်​စည်​​တွေကို ရန်​ကုန်​ပို့တာဆို​တော့ အနည်း​ဆုံး အသွားအပြန်​ သုံးလေးရက်​ကြာတာ​လေ။ ခုလိုဘတ်​​ဈေး အတက်​မြန်​တဲ့အတွက်​ ​ရောင်းချခဲ့တဲ့ဈေးဟာ ဒီမှာဝယ်​ရမယ့် ဈေးနှုန်းကို လိုက်​မမီ​တော့ဘူး။ ဒီဒဏ်​ကို ကုန်​သည်​​တွေ ခံစားရတဲ့​နောက်​မှာတော့ စားသုံးသူ​တွေကို ပိုပြီးထိခိုက်​​စေပါတယ်​” ဟု မြ၀တီမြို့မှ နယ်​စပ်​ကုန်​သည် ​တစ်​ဦးက​ ပြောကြားသည်။

ထိုင်းဘတ်​​ငွေ​ဈေးသည်​ လွန်​ခဲ့​သည့် ဆယ်​နှစ်​ခန့်​ ၂၀၀၅ ခုနှစ်​က မြန်​မာကျပ်​​ငွေ တစ်​သိန်းလျှင်​ ဘတ်​၂၅၀၀ ဖြစ်​ခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်​တွင်​ မြန်​မာကျပ်​​ငွေ တစ်​သိန်းလျှင်​ ဘတ်​ ၄၀၀၀ အထိ ​ဈေးပြန်ကျခဲ့​သော်​လည်း ယင်း​နောက်​ပိုင်းတွင်​ တရိပ်ရိပ် မြင့်​တက်​လာခဲ့ကာ ယခုနစ်​ ​အောက်​တိုဘာ ၄ ရက်​​တွင်​ ကျပ်​​ငွေတစ်​သိန်းလျှင်​ ဘတ်​၂၇၅၀၊ (ဘတ်​ ၁၀၀=၃၆၃၆ ကျပ်​) အထိ ဘတ်​​ငွေ မြင့်​တက်​လျက် ​ရှိသည်​။

“ညီမတို့ဆိုင်​က​တော့ လက်လီဈေးကွက်​ကို အဓိကထား​ ရောင်းချပါတယ်​။ ကျပ်​​ငွေနဲ့ပဲ ရောင်းတာဆို​တော့ ပစ္စည်း​ဈေးက ယခင်​လကထက်​ တစ်​မည်ကို ကျပ်တစ်ထောင်​၀န်းကျင်​​ ဈေးတက်​သွားပါတယ်​။ ကုန်​​ဈေးနှုန်း တက်တိုင်း အ​ရောင်းအ၀ယ်​​အေးတာ ပုံမှန်​ပါပဲ” ဟု ဘုရင့်​​နောင်​​ဈေးအနီးက ထိုင်းကုန်ပစ္စည်းမျိုးစုံ ရောင်းချသည့်​ မခိုင်​က ​ပြောကြားသည်​။

ထိုင်းကုန်​ပစ္စည်းများအား လက်​လီလက်​ကား ​ရောင်းချဖြန့်​ချိသည့်​ ကုန်​စည်​ဒိုင်​များမှာ ထိုင်းဘတ်​​ငွေဖြင့်​သာ ​ရောင်းချကြပြီး မြန်​မာကျပ်​​ငွေဖြင့်​ ၀ယ်​ယူသူတိုင်း ယခင်ထက်​ ကျပ်​​ငွေ အလိုက်​​ပေး​နေရသည်ဟု ဆိုသည်​။

“ထိုင်းဘတ်​​ငွေနဲ့ ၀ယ်​ရင်​​တော့ ​ဈေးအ​ပြောင်းအလဲ မရှိပါဘူး။ ဆိုင်​ကယ်​တစ်​စီး ယခင်​က ဘတ်​ ၄၅၀၀၀ ဆိုရင်​ ခုလည်း ဒီ​လောက်​ပါပဲ။ ဒါ​ပေမဲ့ မြန်​မာ​ငွေသာ လက်​၀ယ်​ရှိ​တော့ တစ်​စီးကို ယခင်​ထက်​ ကျပ်​ငါး​သောင်းခန့်​ ပိုပြီးဖြည်​စွက်​​ပေးရတာ​ပေါ့” ဟု ဆိုင်​ကယ်​အ​ရောင်းဆိုင် ​ဖွင့်​လှစ်​​ရောင်းချ​နေသူ တစ်​ဦးက ​ပြောကြားသည်​။

ထိုင်း၊ ဗီယက်​နမ်​၊ လာအိုနိုင်​ငံထုတ်​ ဆိုင်​ကယ်​များအား ပြည်​တွင်း​ဈေးကွက်​သို့ တင်​ပို့မှု မြင့်​တက်လျက်​ရှိ​သော်​လည်း ဆိုင်​ကယ်​တစ်​စီးလျှင်​ ယခင်​လကထက်​ ကျပ်​ ၅၀၀၀၀ နှင့်​ တစ်သိန်းဝန်းကျင်​ မြင့်​တက်​​နေခြင်းကြောင့်​ မြ၀တီဈေးကွက်​တွင်​ အ​ရောင်းအ၀ယ် ​မရှိသ​လောက်​ ငြိမ်​​နေကြောင်း ဆိုင်​ကယ်​ Show Room ဖွင့်​လှစ်​​ရောင်းချ​နေသူ ကို​ရွှေညာက​ ပြောကြားသည်​။

မြ၀တီနယ်​စပ်​မြို့ ငွေ​ကြေး​ဈေးကွက်​တွင်​ အ​မေရိကန်​​တစ်​​ဒေါ်လာ ကျပ် ၁၂၈၀၊ ထိုင်းဘတ်​ ၁၀၀ လျှင်​ ၃၆၃၆ ကျပ်​တို့ ဖြင့် အ​ရောင်းအ၀ယ်​ ဖြစ်​လျက်​ရှိသည်​။
Credit To >>> Eleven Media Group

0 comments:

Post a Comment