6.10.16

မြန်မာ့အထည်ချုပ် လုပ်ငန်းများ အမေရိကန်ထံမှ GSP ရမည် မဟုတ်သော်လည်း အီးယူနှင့် ဂျပန်တို့က အော်ဒါမှာယူမှု မြင့်တက်နေသဖြင့် ယခုနှစ်တွင် အထည်ချုပ် တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၁ ဘီလျံအထိ ရရှိရန် မျှော်မှန်းထား


မြန်မာ့အထည်ချုပ် လုပ်ငန်းများ အမေရိကန်ထံမှ GSP (ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး) ရှိမည် မဟုတ်သော်လည်း အီးယူနှင့် ဂျပန်နိုင်ငံတို့မှ အော်ဒါမှာယူမှု မြင့်တက်နေသဖြင့် ယခုနှစ်တွင် အထည်ချုပ် တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၁ ဘီလျံအထိ ရရှိရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

“အမေရိကန်ကပေးတဲ့ GSP မှာ အထည်အလိပ်နဲ့ အင်္ကျီတွေ မပါပါဘူး။ ဒါပေမဲ့ အမေရိကား ဈေးကွက်ကို ပို့လို့မရတာ မဟုတ်ပါဘူး။ ပို့လို့ရတယ်။ ဒါပေမဲ့ သူတို့က Duty ကောက်မှာ။ ဥရောပကျတော့ ပို့ရင် Duty မကောက်ဘူး။ ဂျပန်ပို့ရင်လည်း Duty မကောက်ဘူး။ အမေရိကားကို ပို့မယ်ဆိုရင် အခွန်က Cotton ဆိုရင် ၁၀ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်း၊ နိုင်လွန်ဆိုရင် ၃၇ ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားသည်။

ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးသည် ဖွံ့ဖြိုးပြီးနိုင်ငံများမှ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများသို့ ပေးအပ်သည့် ကုန်သွယ်မှုဆိုင်ရာ အကောက်ခွန် သက်သာခွင့် အထူးအခွင့်အရေး ဖြစ်သည်။

အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံသို့ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးကို ၁၉၇၆ ခုနှစ်တွင် စတင်ပေးအပ်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ပြန်လည်ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ၂၀၁၆ ခုနှစ် စက်တင်ဘာလ အတွင်းက မြန်မာနိုင်ငံအပေါ် အမေရိကန်က GSP ပြန်လည်ပေးအပ်ရန် ကြေညာခဲ့ခြင်း ဖြစ်သည်။ ယင်းနောက်ပိုင်း မြန်မာ့အထည်ချုပ် လုပ်ငန်းများ ပို့ကုန်နှစ်ဆ တိုးတက်လာရန် မျှော်လင့်ခဲ့ကြသော်လည်း GSP ခံစားခွင့်ရရှိမည့် စာရင်းများ ထုတ်ပြန်ရာ၌မူ အထည်ချုပ်လုပ်ငန်းများ ပါဝင်မှုမရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် လက်ရှိအချိန်၌ မြန်မာနိုင်ငံမှ အထည်ချုပ် လုပ်ငန်းများသို့ အီးယူနှင့် ဂျပန်နိုင်ငံတို့မှ အော်ဒါမှာယူမှု မြင့်တက်နေကြောင်း၊ ၂၀၁၅ ခုနှစ်က ပြည်ပသို့အထည်ချုပ် တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၆၅ ဘီလျံ ရရှိခဲ့ပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာအထိ အထည်ချုပ် တင်ပို့မှုမှ ဒေါ်လာ၂ ဒသမ ၁ ဘီလျံ ရရှိရန် မျှော်မှန်းထားသည်။ ၂၀၁၂ ခုနှစ် ပြည်ပသို့ အထည်ချုပ် ပို့ကုန်တင်ပို့မှုမှ ဒေါ်လာသန်း ၈၆၀၊ ၂၀၁၃ ခုနှစ်တွင် ဒေါ်လာသန်း ၁၁၀၀၊ ၂၀၁၄ ခုနှစ် ဒေါ်လာ သန်း ၁၄၀၀ ကျော်ဖိုး တင်ပို့ခဲ့ခြင်း ဖြစ်သည်။

အထည်ချုပ်လုပ်ငန်းတွင် World Atlas Data အရ မြန်မာနိုင်ငံမှ ၂၀၁၅-၂၀၁၆ တွင် ကမ္ဘာကို တင်ပို့ခဲ့သည့် ကုန်ချောတန်ဖိုးမှာ ဒေါ်လာ သန်း ၁၆၀၀ ကျော်ဖိုး ရှိကြောင်း၊ အဆိုပါ သန်း ၁၆၀၀ ကျော်ဖိုးမှာ မြန်မာနိုင်ငံ၏ ၀င်ငွေ မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ၏ ၀င်ငွေအနေဖြင့်မူ အဆိုပါ သန်း ၁၆၀၀ ၏ ၁၀ ရာခိုင်နှုန်း ၀န်းကျင်ကိုသာ ရရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ချုပ်ခအနေဖြင့်သာ ရရှိခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် CMP လက်ခစားစနစ်ဖြင့် လုပ်ငန်းများ လုပ်ကိုင်နေသည်မှာ နှစ် ၂၀ ကျော်ရှိပြီ ဖြစ်သော်လည်း လက်ရှိအချိန်အထိ CMP လက်ခံစားစနစ်မှ FOB တင်ပို့နိုင်သည့် စနစ်သို့ ပြောင်းလဲလုပ်ကိုင်နိုင်ခြင်း မရှိသေးပေ။



Credit To >>> Eleven Media Group

0 comments:

Post a Comment