18.10.16

မြိတ်ကျွန်းစု အတွင်းသို့ ညအိပ်ခရီး လာရောက်လည်ပတ်မည့် နိုင်ငံခြားသား ခရီးသွားများအတွက် ခရိုင်အုပ်ချုပ်ရေးကို အကြောင်းကြားပြီး သွားလာနိုင်မည့် အစီအစဉ် ခွင့်ပြုဖွယ်ရှိကြောင်းသိရ

မြိတ်ကျွန်းစုအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရန် ရည်ရွယ်ပြီး ညအိပ်ခရီး လာရောက် လည်ပတ်မည့် နိုင်ငံခြားသား ခရီးသွားများအတွက် ခရိုင်အုပ်ချုပ်ရေးကို အကြောင်းကြားပြီး သွားလာလည်ပတ်နိုင်မည့် အစီအစဉ်ကို ခွင့်ပြုဖွယ်ရှိနေကြောင်း သိရသည်။

မြိတ်ကျွန်းစုသို့ ကမ္ဘာလှည့်ခရီးသွားလာ ရောက်လည်ပတ်မှုမှာ ပြီးခဲ့သည့်နှစ်မှ စတင် ကာဖွံ့ဖြိုးလာနေပြီး ပြည်တွင်း ခရီးသွားများ မှာလည်း သဘာဝအတိုင်းတည် ရှိနေသည့် ကျွန်းများသို့ သွားရောက်လည်ပတ်မှုများ ပြားလာခဲ့ကြောင်း သိရသည်။ ခရီးစဉ်များကို ပို့ဆောင်ပေးနေရသည့် ကုမ္ပဏီ များအနေဖြင့် ဧည်သည့်များ ပိုမိုရရှိလာခဲ့သော်လည်း ကန့် သတ်ဧရိယာများပြားနေခြင်း၊ ပုလဲမွေးမြူရေးမှ လှပသော ကျွန်းများအားလုံး နီးပါးကို ၀င်ရောက်နေရာ ယူထားခြင်းများကြောင့် ခရီးသွားများအား ပို့ဆောင်ရာတွင် အခက်အခဲများ ဖြစ်နေကြောင်း သိရသည်။
“ကျွန်တော်တို့ အခုကြုံတွေ့နေရတဲ့ အခက်အခဲက သွားမယ့်နေရာတွေ ကန့်သတ်ခံထားရတယ်။ နောက်ပိုင်း သဘာဝအတိုင်း လှပနေတဲ့ နိုင်ငံတော်ကပိုင်တဲ့ ကျွန်းတွေကို ဟိုလူကပိုင်တယ်။ ဒီလူကပိုင်တယ်ဆိုပြီး ဖြစ်နေတယ်။ ခရီးသွားတွေကို ပို့ဆောင်တဲ့အခါ လာရောက်တားမြစ်တာတွေ ကြုံနေရတယ်။ နောက်ပြီး ပါမစ်တင်ရတာတွေက အရမ်းနှောင့်နှေးပါတယ်။ ဒါတွေကို ဖြေလျှော့ပေးမယ် ဆိုရင်တော့ ခရီးသွားလုပ်ငန်းက အမြန်ဆုံး ဖွံ့ဖြိုးလာဖို့ ရှိပါတယ်။ လက်ရှိအနေထားမှာ ညအိပ်ခရီးသွားရင် ခရိုင်အုပ်ချုပ်ရေးပိုင်းကို အကြောင်းကြားရုံနှင့် သွားလို့ရတဲ့ အစီအစဉ်နှင့် ပတ်သက်ပြီး အကြောင်းကြားလာခြင်း မရှိသေးဘူး။ ဒီလိုသာ ဖြေလျှော့ပေးမယ်ဆိုရင် မြိတ်ကျွန်းစု ခရီးသွား လုပ်ငန်းအတွက် အလားအလာ အများကြီး ကောင်းသွားမှာပါ” ဟု မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဇော်မင်းဦးက ပြောကြားသည်။
တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် ပြီးခဲ့သည့် အပတ်က ကော့သောင်းမြို့သို့ ရောက်စဉ် လုပ်ငန်းရှင်များ၏ တင်ပြချက်အပေါ် ပြန်လည်သုံးသပ်ပြီး ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုလက်ရှိ ဆောင်ရွက်နေရသည့် အနေအထားမှာ မြိတ်ကျွန်းစုအတွင်းသို့ နိုင်ငံခြားသား ခရီးသွားတစ်ဦး လာရောက် လည်ပတ်ပါက ဟိုတယ်ခရီးသို့ တင်ပြရပြီး ထိုမှတစ်ဆင့် ကကကြည်းသို့ ထပ်မံတင်ပြရကြောင်း ပါမစ်ရမှ သွားရောက်ပို့ဆောင်ခွင့်ရှိရာ လုပ်ငန်းများစွာ နှောင့်နှေးနေခဲ့ရကြောင်း သိရသည်။
ယခုလာမည့် ပွင့်လင်းရာသီအတွက် နိုင်ငံခြားသား ခရီးသွားများ လာရောက်လည်ပတ်ပါက နေ့ချင်းပြန် ခရီးစဉ်ကို ဟိုတယ်ခရီးသို့ အကြောင်းကြားပြီး ညအိပ်ခရီးကို ကကကြည်းကို မဖြတ်ရဘဲ ဆောင်ရွက်ပေးနိုင်ရန် အတွက် ပြည်ထောင်စုဝန်ကြီးနှင့် ညှိနှိုင်းကာ ဖြေလျှော့ပေးသွားရန် စီစဉ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောကြားသည်။
မြိတ်ကျွန်းစုအတွင်းသို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်မှုမှာ ယခင်နှစ်ကထက် များပြားလာနိုင်ပြီး ခရီးသွားလုပ်ငန်းများမှ ပို့ဆောင်ရေးအတွက် အသုံးပြုရသည့် boat လိုင်စင် ချထားပေးမှုမှာလည်း အလွန်နှောင့်နှေး နေဆဲဖြစ်ကြောင်း မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဇော်မင်းဦးက ဆိုသည်။
တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ကျွန်းများကို သွားရောက် လည်ပတ်သည့် ခရီးစဉ်များအား စိတ်ဝင်စားမှု မြင့်တက်လာနေပြီး နယ်စပ်ဝင်ပေါက်များမှလည်း ထိုင်းနိုင်ငံသားများ အဓိက လာရောက် လည်ပတ်လျက် ရှိနေကြောင်း သိရသည်။
၂၀၁၆ ခုနှစ် ခရီးသွားရာသီအပိတ် သြဂုတ်လကုန်အထိ နယ်စပ်ဒေသများမှ ၀င်ရောက်လည်ပတ်ခဲ့သော ထိုင်းနိုင်ငံသား အရေအတွက်မှာ ထီးခီးနယ်စပ် (ထားဝယ်) မှ ၃၇၉၅၅ ဦး၊ မောတောင်နယ်စပ် (မြိတ်) မှ ၆၈၉၂ ဦး၊ ကော့သောင်းနယ်စပ် (သူဌေးကျွန်း/ရတနာကျွန်း/ မြို့ မတံတား) မှ ၁၈၈၇၂၄ ဦးတို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ နယ်စပ်ဂိတ်များအနက် ထီးခီးနယ်စပ် ( ထားဝယ် ) နှင့် ကော့သောင်းနယ်စပ်တို့မှာ နှစ်နိုင်ငံ တရားဝင် ဖွင့်လှစ်ထားသော်လည်း မောတောင်နယ်စပ် (မြိတ်) မှာ နှစ်နိုင်ငံ တရားဝင် ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ 
Credit To >>> Eleven Media Group

0 comments:

Post a Comment