18.10.16

ကြိုက်တာယူ ကျပ် ၅၀၀၀ တန် တရုတ်ဆိုင်အချို့ စီမံချက်ကြောင့် ဆိုင်ပိတ်ထားမှုရှိနေပြီး တရားမ၀င် တရုတ်လုပ်သားနှင့် နိုင်ငံခြားသား လုပ်သားများ ထိန်းချုပ်ရန် လ၀ကအနေဖြင့် ဗီဇာစစ်ဆေးမှု ပြုလုပ်သင့်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံ ဒေသအချို့ တွင် ယခုနှစ် မေလခန့်မှစတင်ကာ အရှိန်အဟုတ်မြှင့် ဖွင့်လှစ်လာသည့် ကြိုက်တာယူ ကျပ် ၅၀၀၀ တန် တရုတ်ဆိုင်အချို့မှာ ဖမ်းဆီးအရေးယူမည်ဆိုသည့် စီမံချက်ကြောင့် ဆိုင်ပိတ်ထားမှု ရှိနေပြီး မြန်မာနိုင်ငံအတွင်း လာရောက်ကာ တရားမ၀င် လုပ်သားအဖြစ် အခွန်ရှောင် ရပ်တည်နေသည့် တရုတ်လုပ်သားများနှင့် အခြားနိုင်ငံသားများအား လ၀က (အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန) အနေနှင့် ဗီဇာစစ်ဆေးမှု ပြုလုပ်စေလိုကြောင်း ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

တရုတ်လုပ်သားများ အပါအ၀င် နိုင်ငံခြားသားများ တရားမ၀င် လာရောက် လုပ်ကိုင်နေမှုနှင့် ကြိုက်တာယူ ကျပ် ၅၀၀၀ တန်ဆိုင်များတွင် တရုတ်နိုင်ငံသားများ လာရောက် ရောင်းဝယ်နေမှုနှင့် ပတ်သက်ပြီး အရေးယူရန် လက်ရှိအခြေအနေတွင် မြို့နယ် လ၀က၊ စည်ပင်၊ အခွန်ဦးစီးစသည့် ဌာနများက ပူးပေါင်းအဖွဲ့ဖွဲ့ကာ ၀င်ရောက် စစ်ဆေးပေးရေး အကြံပြုထားမှုကို လက်ခံထားပြီး လွှတ်တော် ကိုယ်စားလှယ်များကလည်း လွှတ်တော်နားချိန်တွင် လိုက်ပါမည်ဖြစ်ကာ လက်ရှိတွင် ပန်းဘဲတန်းနှင့် ကျောက်တံတားမြို့နယ်တွင် စတင်မည်ဖြစ်ကာ ကျန်မြို့နယ် ကိုယ်စားလှယ်များကိုလည်း ထိုသို့ လုပ်ဆောင်ရန် တိုက်တွန်းသွားမည် ဖြစ်ကြောင်း ဦးသန်းနိုင်ဦးက ပြောကြားသည်။

ကြိုက်တာယူ ကျပ် ၅၀၀၀ တန်ဆိုင်များတွင် တရုတ်လူမျိုး အမျိုးသမီးများ ရှိနေသလို မြန်မာနိုင်ငံသားကို မန်နေဂျာခန့်ကာ အကျိုးစီးပွား ရှာနေမှုများလည်း ရှိနေကြောင်းနှင့် အချို့ ကြိုက်တာယူ ကျပ် ၅၀၀၀ ဆိုင်တွေမှာ စီမံချက်ရှိသဖြင့် မစစ်ဆေးမီ ဆိုင်ပိတ်ထားသည့် အခြေအနေများ ကြုံနေရကြောင်း သိရသည်။

“လွှတ်တော်နားတဲ့ အချိန်မှာ ကျန်တဲ့ ကိုယ်စားလှယ်တွေကို ပြောပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ ပြောမယ်။ ဒါက အုပ်ချုပ်ရေးပိုင်းက လုပ်ရမယ့်ကိစ္စ။ ကျွန်တော်တို့က ဦးဇော်အေးမောင်ကိုပဲ ပြောမှာ။ သူက စည်းမျဉ်း စည်းကမ်းတွေ ရှိပြီးသား။ လူထုက ပူးပေါင်းပါဝင်ပါဆိုတော့ အဲဒါမျိုး ကျွန်တော်တို့လုပ်မှာ။ တရုတ်လုပ်သားတွေက ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ရှိတယ်။ လှိုင်သာယာဘက်မှာဆို အရမ်းဆိုးရွား နေတယ်လို့ ပြောပါတယ်။ အဓိကကတော့ လ၀ကရဲ့ ဘာဗီဇာနဲ့ လာသလဲ ဆိုတာကို အရင်ဆုံး လုပ်စေချင်တယ်” ဟု ဦးသန်းနိုင်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းနှင့် မြန်မာနိုင်ငံ တစ်ဝန်းတွင် တရားမ၀င် လာရောက် လုပ်ကိုင်နေသည့် တရုတ်လုပ်သားများအပြင် နိုင်ငံခြားသားများ၏ တရားမ၀င် စီးပွားရေးလုပ်ငန်း များစွာရှိနေပြီး အဆိုပါ လုပ်ငန်းများကို စိစစ်အရေးယူရန် အဆိုတင်သွင်း ခဲ့သော်လည်း အဆိုရှင်၏ ထောက်ခံမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က မှတ်တမ်းသာ တင်ခဲ့သည်။

“တရားမ၀င် စီးပွားရေး လုပ်နေတာက အမျိုးအစား အများကြီးရှိနိုင်တယ်။ ကြိုက်တာယူ ၅၀၀၀ ဆိုတဲ့ဆိုင်တွေ၊ MLM လုပ်ငန်းတွေ၊ အိမ်ခြံမြေလုပ်ငန်းတွေ၊ ငွေလဲလှယ်လုပ်ငန်းတွေ အများကြီး ရှိနိုင်တယ်။ အဲဒါတွေက ဘာတွေဖြစ်လာမလဲဆို နံပါတ်တစ် အခွန်အခတွေ မရဘူး။ နံပါတ်နှစ်က သူတို့ရဲ့ ဈေးကစားမှုတွေကြောင့် ငွေကြေးစီးထွက်မှုတွေအပြင် ငွေကြေး တည်ငြိမ်မှုပါ ထိခိုက်တာ။ အစိုးရ ၀န်ကြီးဌာနတွေက လုပ်ရမယ့် အလုပ်ပဲ။ စစစ တို့ တခြားဌာနတွေ။ အဓိက ကတော့ နိုင်ငံသားတွေရဲ့ ငွေကို ဒေါ်လာတွေဝယ်ပြီး ဈေးကစားတာ။ ဥပမာပြောရရင် နိုင်ငံခြားငွေတွေ ၀င်လာရင် မြန်မာကျပ်ငွေက တန်ဖိုးတက်ရမှာ။ မြန်မာကျပ်ငွေ တန်ဖိုးမတက်တာ ပို့ကုန်မတက်တာ၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး လိုငွေတွေကြောင့် ဖြစ်သလို အခုလို တရားမ၀င် လုပ်ငန်းတွေကြောင့် မြန်မာကျပ်ငွေတန်ဖိုး ကျနေတာလည်းပါတယ်။ အဲဒါတွေ ကြပ်မတ်ဖို့ လိုပေမယ့် ချက်ချင်းကြီး ပျောက်သွားနိုင်ဖို့တော့ မလွယ်ဘူး” ဟု NLD ၏ စီးပွားရေးမူဝါဒ ရေးဆွဲရာတွင် ပါဝင်ခဲ့သည့် စီးပွားရေး ပညာရှင်တစ်ဦးက ပြောကြားသည်။


Credit To >>> Eleven Media Group

0 comments:

Post a Comment