5.10.16

ကန်တော်ကြီး အတွင်းရှိ ယခင်ငါးပြတိုက်ဟောင်း နေရာတွင် ရန်ကုန်မြို့၏ မြင်ကွင်းအား အပေါ်စီးမှ ကြည့်ရှုနိုင်မည်ဟု ဆိုသည့် Hydrogen Balloon စီမံကိန်း လုပ်ဆောင်ရန် ကုမ္ပဏီတစ်ခုက ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံ တင်ပြထား

ကန်တော်ကြီးအတွင်းရှိ ယခင်ငါးပြတိုက်ဟောင်း နေရာတွင် ရန်ကုန်မြို့၏ မြင်ကွင်းအား အပေါ်စီးမှ ကြည့်ရှုနိုင်မည်ဆိုသည့် Hydrogen Balloon စီမံကိန်း လုပ်ဆောင်ရန် ကုမ္ပဏီတစ်ခုက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ သိရသည်။

ယင်းစီမံကိန်းကို လုပ်ဆောင်လိုသည်ဟု Myanmar Voyages International Tourism Co.,Ltd က  တင်ပြခဲ့ခြင်းဖြစ်ပြီး Proposal မတင်ရသေးကြောင်း၊ အဆိုပါ ကုမ္ပဏီအနေဖြင့် ပုဂံတွင် လက်ရှိဝန်ဆောင်မှု ပေးနေသည့် ပုံစံအတိုင်း လုပ်ဆောင်လိုခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့ အခုလုပ်ချင်တာက Hydrogen Balloon၊ ပုဂံတို့ ဘာတို့မှာ လုပ်တဲ့ဟာမျိုး။ သူတို့က Proposal မတင်ရသေးဘူး။  အကြမ်းဖျင်း မြေနေရာ ရွေးချယ်ထားတဲ့ ပုံစံမျိုး။ သူတို့ Proposal တင်လာမှ  ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် အစည်းအဝေး (EC) တို့၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးတို့ တင်မှာ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
၎င်းတို့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ယင်းသို့ လုပ်ကိုင်လိုကြောင်း တင်ပြလာသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို စိစစ်ခိုင်းခဲ့ကြောင်း၊ လုပ်ဆောင်လိုသည့် ကုမ္ပဏီထံမှ Proposal၊ Master Plan တို့ တင်ပြလာမှသာ အဆိုပါ နေရာအား ၎င်းတို့ကို  နှစ်မည်မျှ ငှားရမ်းမည်၊ လစာမည်မျှဖြင့် ငှားရမ်းမည် ဆိုသည်ကို သိရှိနိုင်မည်ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။
“ဒါကတင်ဒါခေါ်တာတော့ မဟုတ်ဘူး။ ကုမ္ပဏီက လုပ်ချင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြလာတာ။ ငါးပြတိုက်ဟောင်းနေရာက ပေ ၂၀၀ ပတ်လည် (စတုရန်းပေ ၄၀၀၀၀) လောက် အကျယ်ရှိတယ်။ သူက အဓိက ရန်ကုန်မြို့ရဲ့ View ကို ကြည့်ဖို့ပေါ့။ ပုဂံမှာကတော့ အဲဒါက မိုဘိုင်းသဘောမျိုး သွားလို့ရတယ်။ ဒီမှာကတော့ အသေပဲ လုပ်ထားမှာပေါ့” ဟု ယင်းတာဝန်ရှိသူက ပြောကြားသည်။
အဆိုပါ စီမံကိန်း လုပ်ဆောင်မည် ဖြစ်သောကြောင့် ကန်တော်ကြီး အတွင်းရှိ သစ်ပင်များ ခုတ်ထွင်ရှင်းလင်း ရမည်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ “ဒါနဲ့ပတ်သက်ပြီး ဆာဗေးလုပ်ထားတာတော့ အလှပင် ၄၀ လောက်တော့ ပြောင်းရွှေ့စိုက်ရမယ်။ သစ်ပင်ခုတ်တာတော့ မရှိဘူး” ဟု အဆိုပါ တာဝန်ရှိသူက ဆို သည်။
အဆိုပါကိစ္စအား ကုမ္ပဏီဘက်က Proposal တင်ပြလာပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များ အစည်းအဝေး (EC) ကိုတင်ပြကာ ယင်းမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကက်ဘိနက် အစည်းအဝေးကို ဆက်လက်တင်ပြမည်ဖြစ်ကာ ပြည်ထောင်စုအစိုးရ အဖွဲ့ထံသို့ ဆက်လက်တင်ပြ၊ မပြ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကသာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ယင်းတာဝန်ရှိသူက ပြောကြားသည်။
ဧကများစွာ ကျယ်ဝန်းသော ရန်ကုန်မြို့၏ အထင်ကရ  အချက်အချာကျသည့် နေရာတွင် တည်ရှိသော ဥယျာဉ်တစ်ခုဖြစ်သည့် ကန်တော်ကြီးအတွင်း ယခုကဲ့သို့ စီမံကိန်းများ လုပ်ဆောင်ရန် ပုဂ္ဂလိကကုမ္ပဏီများ၏ မျက်စိကျရာ နေရာတစ်ခု ဖြစ်နေသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment