4.11.16

ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေး ရေကြောင်းလမ်း လုပ်ဆောင်လို

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ကမ်းရိုးတန်း ကုန်သွယ်ရေးသင်္ဘောလိုင်းတစ်ခု တည်ထောင်ရန် ယခုလအတွင်း နေပြည်တော်၌ ပြုလုပ်မည့် နှစ်နိုင်ငံ စီးပွားရေး အတွင်းဝန်အဆင့် ဆွေးနွေးပွဲတွင် တိုက်တွန်းသွားရန် စီစဉ်ထားသည်။

အစည်းအဝေးအား နိုဝင်ဘာ ဒုတိယပတ်တွင် ပြုလုပ်ဖွယ် ရှိပြီး ကုန်သွယ်ရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာများလည်း ဆွေးနွေးမည်ဖြစ်သည်။ ကမ်းရိုးတန်း သင်္ဘောလိုင်း တည်ထောင်ခြင်းက ဘင်္ဂလားဒေ့ရှ်မှ ချုပ်ပြီး အ၀တ်အထည်များ မြန်မာနိုင်ငံသို့ တင်ပို့ရန် အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နှစ်နိုင်ငံ ကမ်းရိုးတန်း သင်္ဘောလိုင်းကို ယခင်ကတည်းက တည်ထောင်ရန် စီစဉ်ခဲ့သော်လည်း နယ်စပ်ဒေသ၌ တင်းမာမှုများ ဖြစ်ပေါ်ခဲ့သဖြင့် အကောင်အထည် မဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် သစ်အများအပြား ထွက်ရှိသဖြင့် ကမ်းရိုးတန်း သင်္ဘောလိုင်း တည်ထောင်ပြီးပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပရိဘောဂဈေးကွက် ၀ယ်လိုအားကိုလည်း ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် မြန်မာနိုင်ငံမှ ဘဏ်များနှင့် ဘဏ်လုပ်ငန်းဆိုင်ရာများကိုလည်း ဆွေးနွေးရန် စီစဉ်ထားသည်။ ထို့အပြင် မြန်မာနိုင်ငံမှ ရေအားလျှပ်စစ် ၀ယ်ယူရန်နှင့် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ဓာတ်သတ္တုကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံမှ အစားအစာ အသီးအနှံများ တင်သွင်းလိုလျက်ရှိပြီး မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မည့် ကွမ်းသီးနှင့် ငါးခြောက်များအတွက် အခွန်လျှော့ချပေးစေလိုလျက် ရှိသည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့သည် ကုန်သွယ်ရေး ဦးစားပေး သဘောတူညီချက် (PTA) လက်မှတ်ရေးထိုးရန် သုံးသပ်ပြင်ဆင်လျက် ရှိသည်ဟု ဘင်္ဂလားဒေ့ရှ် စီးပွားရေးဝန်ကြီးဌာနက ဆိုသည်။

Credit To >>> The Ladies News

0 comments:

Post a Comment