21.11.16

မန္တလေး-မူဆယ် ကုန်စည်စီးဆင်းမှု ပြတ်တောက်၊ မူဆယ်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်း

ရှမ်းပြည်နယ်မြောက် ပိုင်း မူဆယ်နှင့် ကွတ်ခိုင်မြို့နယ် များအတွင်း နိုဝင်ဘာ ၂၀ ရက် နံနက်က စတင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် မန္တလေး-မူ ဆယ် ကုန်စည်စီးဆင်းမှုများ ပြတ် တောက်သွားပြီး မူဆယ်နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများ ရပ် ဆိုင်းသွားကြောင်း သတင်းရရှိ သည်။

တိုက်ပွဲများဖြစ်ပွားနေသည့် မူဆယ်နှင့် ကွတ်ခိုင်မြို့ကြားတွင် နိုဝင်ဘာ ၂၀ ရက် နံနက်မှစတင်ကာ မည်သည့်ယာဉ်မျှ ဖြတ်သန်းသွားလာမှုမရှိတော့ဘဲ ကုန်သွယ်ရေးလုပ်ငန်းများ အလုံးစုံ ရပ်ဆိုင်းခြင်းဖြစ်သည်ဟု မူဆယ်ဒေသခံများနှင့် ကုန်သည်များက ပြောသည်။

နယ်စပ်ကုန်သွယ်ရေး ရပ် ဆိုင်းသွားမှု ရက်ရှည်ကြာမည်ကို စိုးရိမ်ကြောင်း ၎င်းတို့ကဆိုသည်။‘‘ကွတ်ခိုင်နဲ့ မူဆယ်ကြားက ယာဉ်အသွားအလာ လုံးဝပြတ် သွားတယ်။ ဆိုင်ကယ်တွေတောင် ဖြတ်သန်းသွားလာတာ မရှိတော့ ဘူး’’ဟု ကွတ်ခိုင်ဒေသခံတစ်ဦး ကပြောသည်။
သိန်းနီတံတား ဖောက်ခွဲခံခဲ့ရပြီး လားရှိုး-ကွတ်ခိုင်ကြားတွင် မော်တော်ယာဉ်အချို့ သွားလာမှု ရှိနေသေးသော်လည်း ကွတ်ခိုင် နှင့် မူဆယ်ကြားတွင် မော်တော် ယာဉ်သွားလာမှု မရှိသလောက် ပြတ်တောက်သွားကြောင်း မန္တ လေး-မူဆယ်လမ်းပိုင်းအား အဓိ က တာဝန်ယူလုပ်ကိုင်နေသည့် Oriental Highway ကုမ္ပဏီ တာ ၀န်ရှိသူတစ်ဦးကပြောသည်။
ဖောက်ခွဲခံရမှုကြောင့် သိန်းနီတံတား ထိခိုက်ပျက်စီးခဲ့ပြီး တံတားရက်မ ငါးခုတွင် နှစ်ခုကျိုးခဲ့ကာ လတ်တလောအခြေအနေတွင် တန် ၃၀ အောက် ယာဉ်များကို တံတားခံနိုင်ဝန်နှင့် စမ်းသပ်သွားလာခွင့် ပေးနေသည်ဟု ၎င်းကဆိုသည်။
 ‘‘ပြည်နယ်အစိုးရအနေနဲ့ ကုန်သွယ်ရေးဇုန်တွေ လည်ပတ်မှု ကို မပြတ်တောက်အောင် တပ်မ တော်နဲ့ ရဲကို အကူအညီတောင်း ထားတယ်။ အခုလုံခြုံရေးတွေ ချထားပေးပါတယ်။ ကုန်သွယ် ရေး စဖြစ်တဲ့နေ့မှာ ပုံမှန်မဖြစ်နိုင် သေးဘူး။ သူတို့က ကားတွေကို ကန့်လန့်လုပ်သွားတယ်။ ကား သော့တွေယူသွားတယ်။ နောက် ကလူတွေက ဘယ်တက်လာရဲဦး မလဲ။ ပြည်နယ်အစိုးရက အမြန် ဆုံးကုန်စည်လည်ပတ်မှုပုံမှန်ဖြစ် အောင်လုပ်သွားမှာပါ။ ပြည်သူ တွေ အထိတ်တလန့်ဖြစ်ရတယ်။ ကုန်စည်စီးဆင်းမှုရပ်သွားတယ်။ နိုင်ငံအတွက် အများကြီးနစ်နာ တယ်။ မူဆယ်က ငြိမ်သွားပြီ။ဟို ဘက်က နောက်ဆုတ်သွားတယ်။ သူတို့ ငါးနေရာလောက်ကို တစ် ပြိုင်နက်တည်းလုပ်သွားတာ။ ပန် ဆိုင်းဘက်မှာ နည်းနည်းတော့ ပစ်ခတ်မှုရှိနေတယ်။ သိန်းနီတံတား အပါအ၀င် တံတားနှစ်စင်းကို ဖျက်သွားတယ်’’ဟု ရှမ်းပြည်နယ် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဦးစိုးညွန့်လွင်ကပြောသည်။
လက်ရှိတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသောကြောင့် လားရှိုးမြို့အထွက်မှစ ပြီး ကားသွားလာခွင့်ကို ယာယီ ပိတ်ထားကြောင်း ဦးစိုးညွန့်လွင်ကပြောသည်။
KIA ကချင်အဖွဲ့၊ TNLA တအာင်န်း ပလောင်အဖွဲ့နှင့် MNDAA ပူးပေါင်းအဖွဲ့များမှ မူ ဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ် ရှိ တပ်စခန်းများ၊ ရဲတပ်ဖွဲ့စခန်းများနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းမှစတင်ကာ တစ်ချိန်တည်းတစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်သဖြင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးဒဏ်ရာရခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ထားသည်။
ထိုသို့ တိုက်ခိုက်လာမှုများ ကို တပ်မတော်စစ်ကြောင်းများ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကပြန်လည်တိုက်ခိုက်လျက်ရှိသည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်တွင် ဖြစ်ပွားသော တိုက်ပွဲ များအတွင်း ဖရဲ၊ သခွားများ တင် ဆောင်ထားသည့် ကားအစီးရေ ၃၀၀ ခန့်နှင့် ကုန်တင်ယာဉ်အများအပြား ပိတ်မိနေပြီး တိုက်ပွဲများ ကြောင့် နယ်စပ်ကုန်သွယ်ရေးအ ပေါ် များစွာထိခိုက်နိုင်ကြောင်း မန္တလေးမြို့ခံ ကုန်သည်များက ပြောသည်။
လတ်တလောတွင် မန္တလေး -မူဆယ် ကုန်တင်ယာဉ်များ သွား လာနိုင်ခြင်းမရှိတော့ဘဲ လုံးဝရပ် ဆိုင်းထားရသည်ဟု ကုန်သည် လုပ်ငန်းရှင်များကပြောသည်။
‘‘အခုဆိုရင် ဖရဲ၊ သခွားက ရာသီချိန်ဖြစ်နေတယ်။ သစ်သီးဝလံတွေ သုံးလေးရက်ပိတ်မိရင် ပျက်စီးသွားမှာ။ တခြားဆန်တို့၊ သကြားတို့က နည်းနည်းခံသာ သေးတယ်။ သစ်သီးကားတွေက အရမ်းများနေပြီး သူတို့ကို အမြန် ဆုံးသွားလာနိုင်ဖို့ လမ်းပွင့်အောင် လုပ်ပေးသင့်တယ်’’ဟု မန္တလေး တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအ သင်း ဒုဥက္ကဋ္ဌဦးဝင်းဌေးက ပြော ကြားသည်။
နယ်စပ်ကုန်သွယ်ရေးပြတ် တောက်သွား၍ လမ်းတစ်ဝက်ရောက်ရှိနေသည့် ဖရဲ၊ သခွားများအပြင် ခူးဆွတ်ထားသည့် ဖရဲ၊ သခွားများပါ ထိခိုက်ပျက်စီးနိုင်ပြီး ကုန်သည်များသာမက ဖရဲ၊ သခွားစိုက်တောင်သူများကိုပါ ထိခိုက်စေနိုင်သည်ဟု မန္တလေးတိုင်းဒေသကြီး ဥယျာဉ်ခြံမြေထွက်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ဒေါ်သန်းသန်းဆွေက ပြောသည်။
ဆန်စပါးအသစ်ပေါ်ဦးစဖြစ် ပြီး တရုတ်နယ်စပ်သို့ ဆန်တင်ပို့ မှု များပြားချိန် လမ်းကြောပိတ်ဆို့  သွားသည့်အတွက် ကုန်သွယ်ရေး ကိုသာမက ပြည်တွင်းဆန်စပါး ဈေးနှုန်းကိုပါ ထိခိုက်နိုင်လာသည် ဟု မန္တလေးမြို့ခံဆန်ကုန်သည်ဦးမိုက်ကဆိုသည်။
 ‘‘တိုက်ပွဲမရှည်ကြာပါစေနဲ့ လို့ ဆုတောင်းနေရတာပါ။ တိုက် ပွဲဖြစ်တာ ရှည်ကြာတာနဲ့အမျှ ကုန်သွယ်ရေးက အများကြီးထိ ခိုက်မယ်’’ဟု ၎င်းကပြောသည်။
 မူဆယ်နယ်စပ်ကုန်သွယ် ရေးစခန်းသည် မြန်မာနိုင်ငံ၏ အ ကြီးဆုံး နယ်စပ်ကုန်သွယ်ရေးစ ခန်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က မူဆယ်နယ်စပ်ကုန် သွယ်ရေးစခန်းမှတစ်ဆင့် မြန်မာ -တရုတ် နှစ်နိုင်ငံအကြား အမေရိကန်ဒေါ်လာ သန်း ၅,၃၀၀ ကျော်ဖိုး ကုန်သွယ်နိုင်ခဲ့သည်။
ယခုနှစ်တွင်လည်း ဧပြီလ ဆန်းမှ စက်တင်ဘာအထိ မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ် ဆင့် အမေရိကန်ဒေါ်လာ သန်း ၂,၅၀၀ ကျော်ဖိုး ကုန်သွယ်နိုင်ခဲ့ ကြောင်း စီးပွားကူးသန်းဝန်ကြီး ဌာနမှ သတင်းရရှိသည်။
မန္တလေး-မူဆယ် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းသည် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ် ရေးတွင် အဓိကအရေးအကြီးဆုံး လမ်းပိုင်းဖြစ်ပြီး ပုံမှန်အချိန်၌  နေ့စဉ် မော်တော်ယာဉ်အစီးရေ ထောင်ချီ ဖြတ်သန်းသွားလာနေသည်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန် တိုက်ခိုက်ခံရပြီးနောက် နိုဝင်ဘာ ၂၀ ရက် နေ့လယ်က စတင်ကာ ဒေသခံများမှာ မူဆယ် မြို့ပေါ်သို့ထွက်ပြေးတိမ်းရှောင် နေရကြောင်း ဒေသခံများကပြောသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment