21.11.16

နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို ကိုးရက်တိုင် ဝယ်ယူနိုင်မည်

၂ဝ၁၆ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ယနေ့နံနက်ပိုင်းမှ စတင်ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ပြီး ကျောက်မျက်ရတနာများနှင့် ကျောက်စိမ်းအတွဲများ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှုအားပေးသည်။

ဒုတိယသမ္မတသည် ယနေ့နံနက် ၉ နာရီတွင် မဏိရတနာ ကျောက်စိမ်းခန်းမသို့ရောက်ရှိလာပြီး ပြည်ထောင်စုဝန်ကြီးများအတူ မြန်မာ့ကျောက်မျက် ရတနာပြပွဲသမိုင်းမှတ်တမ်း၊ ၂ဝ၁၆ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက် ရတနာပြပွဲကျင်းပရန် ဆောင်ရွက်ခဲ့မှုနှင့် ကျောက်စိမ်း၊ ကျောက်မျက် ခင်းကျင်းပြသထားရှိမှု ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုသည်။

ထို့နောက် ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မဏိရတနာကျောက်စိမ်း ခန်းမအပေါ်ထပ်၌ ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်ရတနာများ၊ အောက်ထပ် အရောင်းဆိုင်များ၌ ရောင်းချရန်ပြသထားသည့် ကျောက်မျက်ရတနာများကို ကြည့်ရှုအားပေးကြသည်။

၂ဝ၁၆ ခုနှစ် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို ယနေ့မှစ၍ နိုဝင်ဘာ ၂၉ ရက် အထိ ကျင်းပသွားမည်ဖြစ်ရာ ကျောက်မျက်အတွဲ ၄၃၉ တွဲကို နိုဝင်ဘာ ၂ဝ မှ ၂၁ ရက်အထိလည်းကောင်း၊ ကျောက်စိမ်းအတွဲ ၅၉၈၈ တွဲကို နိုဝင်ဘာ ၂ဝ ရက်မှ ၂၉ ရက်အထိလည်းကောင်း ရောင်းချသွားမည်ဖြစ်သည်။

ပြသထားသည့် ကျောက်မျက်အတွဲများမှ အခြေခံဈေး ယူရိုငွေ ၅ဝဝ မှ ၂ဝဝဝဝ အထိ တန်ဖိုးသတ်မှတ်သည့် ကျောက်မျက်အတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်လည်းကောင်း၊ အခြေခံဈေး ယူရိုငွေ ၂ဝဝဝ၁ နှင့်အထက် တန်ဖိုးသတ်မှတ်သည့် ကျောက်မျက်အတွဲများကို ဈေးပြိုင်စနစ်ဖြင့်လည်းကောင်း ရောင်းချသွားမည်ဖြစ်သည်။

ထို့အတူ ကျောက်စိမ်းအတွဲများမှ အခြေခံဈေး ယူရိုငွေ ၄ဝဝဝ မှ ၂ဝဝဝဝဝ အထိ တန်ဖိုးသတ်မှတ်သည့် ကျောက်စိမ်းအတွဲများနှင့် အခြေခံဈေး ယူရိုငွေ ၁ဝဝဝ မှ ၂ဝဝဝဝဝ အထိ တန်ဖိုးသတ်မှတ်သည့် အချောထည် ကျောက်စိမ်း အတွဲများကို တင်ဒါစနစ်ဖြင့်လည်းကောင်း၊ အခြေခံဈေးယူရိုငွေ ၂ဝဝဝဝ၁ နှင့်အထက် တန်ဖိုးသတ်မှတ်သည့် ကျောက်စိမ်းအတွဲများကို ဈေးပြိုင်စနစ်ဖြင့် လည်းကောင်း ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။



Credit To >>> The Mirror Daily

0 comments:

Post a Comment